ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦး ထောင်သုံးနှစ်စီ ချမှတ်ခံရ

နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ ဒုမြို့တော်ဝန် ဦးရဲမင်းဦး တို့ကို စစ်ကောင်စီရဲ့ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ အောက်တိုဘာ ၁၁ ရက် ဒီနေ့မှာ စွပ်စွဲထားတဲ့ အဂတိအမှုတွေနဲ့ပဲ ထောင်ဒဏ် သုံးနှစ်စီ ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော်က မြို့နယ်တချို့မှာ အထူးမြေကွက်တွေ ဖော်ထုတ်တာ၊ မြေကွက်တချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ရောင်းချတာ စတဲ့ ကိစ္စရပ်တွေနဲ့ စွပ်စွဲပြီး ဒေါက်တာမျိုးအောင်ကို အဂတိအမှု ငါးမှုနဲ့ တရားစွဲခဲ့တာပါ။
အဲဒီ အဂတိအမှု ငါးမှုထဲက နှစ်မှုမှာ ဦးရဲမင်းဦးပါ ပူးတွဲစွဲဆိုခံရတာဖြစ်ပါတယ်။
ဒေါက်တာမျိုးအောင်ကို အမှု ငါးမှုအတွက် တစ်မှုကို သုံးနှစ်စီ ချမှတ်ခဲ့ပေမယ့် တစ်ပေါင်းတည်း ကျခံစေတာကြောင့် ထောင် သုံးနှစ်၊ ဦးရဲမင်းဦးကို အမှုနှစ်မှုအတွက် ထောင်သုံးနှစ်စီချမှတ်ခဲ့ပြီး တစ်ပေါင်းတည်း ကျခံစေတာကြောင့် ထောင် သုံးနှစ် ချမှတ်ခံခဲ့ရတာပါ။
ဒေါက်တာမျိုးအောင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့က ရာဇတ်သတ်ကြီးပုဒ်မ - ၅၀၅ (ခ)နဲ့ ထောင် နှစ်နှစ်၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ကလည်း အဂတိအမှုတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က အဂတိအမှုနဲ့ ထောင်နှစ်နှစ် ချမှတ် ခံထားရပြီးဖြစ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ် ကျခံရမှာဖြစ်ပါတယ်။
ဦးရဲမင်းဦးကတော့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ အဂတိမှုတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ အဂတိမှုနဲ့ပဲ ထောင်ဒဏ်သုံးနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က အဂတိ အမှုနဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရပြီးဖြစ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ကျခံရမှာဖြစ်ပါတယ်။
ဒေါက်တာမျိုးအောင်နဲ့ ဦးရဲမင်းဦးတို့ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံသူတွေဖြစ်ပြီး ဒီနေ့ ရုံးချိန်း လာရောက်ချိန်မှာတော့ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါက်တာမျိုးအောင်ဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (CEC) တစ်ဦး ဖြစ်သလို NLD အစိုးရလက်ထက်မှာ နေပြည်တော်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဦးရဲမင်းဦးကတော့ NLD အစိုးရလက်ထက်မှာ နေပြည်တော် ဒု-မြို့တော်ဝန်၊ စည်ပင် သာယာရေး ကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ စတဲ့ တာဝန်တွေကို ယူခဲ့သူ ဖြစ်ပါတယ်။