ဒေါက်တာ မျိုးအောင် ကျန်းမာရေးမကောင်းလို့ ဆေးရုံတင်ရမည်
နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင် ဟာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ကုသမှုခံယူဖို့ စီစဉ်နေ တယ်လို့ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေ အသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သူဟာ ဆီးကျိတ်ရောင်တာနဲ့ လိပ်ခေါင်းရောဂါတွေကြောင့် ဒီနေ့မှာ ဆေးရုံတင်ဖို့ ရှိနေပေမယ့် ဘယ်ဆေးရုံကို ပို့ဆောင်မယ်ဆိုတာတော့ မသိရသေးပါဘူး။
ဒေါက်တာမျိုးအောင်ဟာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်တို့နဲ့ အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပါတယ်။
ဒါ့အပြင် နေပြည်တော်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စိုက်ပျိုး အသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းဆောင်ရွက်ဖို့ နေပြည်တော်စည်ပင်ကော်မတီကနေ မြေကွက် တွေ ချထားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိအမှု နှစ်မှုနဲ့လည်း တရားရင်ဆိုင်နေရ ပါတယ်။
နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းနဲ့ ဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ဟာလည်း ကျန်းမာရေးမကောင်းလို့ နေပြည်တော် ခုတင်-၁၀၀၀ ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်။