ဒေါက်တာအေးမောင် ပါတီကနေ နှုတ်ထွက်ခွင့်တင်
2017.11.28
ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်ဟာ ပါတီဥက္ကဌတာဝန်နဲ့ ပါတီဝင်အဖြစ်ကနေ နှုတ်ထွက် ခွင့်ပေးဖို့ ပါတီဌာနချုပ်ထံ မနေ့က စာတင်လိုက်ပါတယ်။
ဒေါက်တာအေးမောင် ရဲ့ နှုတ်ထွက်ခွင့်ကို ပါတီဗဟိုကော်မတီအစည်းအဝေးခေါ်ယူပြီးမှသာ ဆုံးဖြတ်မယ်လို့ ANP ပါတီရဲ့ ဗဟိုကော်မတီဝင် ဒေါ်ခင်စောဝေက ပြောပါတယ်။
"ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ကတော့ အမြင်မတူတာကို ပြန်လည်ညှိနှိုင်းပြီးလုပ်စေချင်ပါတယ်၊ ဒါကြောင့် ဒီဟာကို သူထွက်စာတင်ရင်လည်း စီအီးစီအနေနဲ့ပဲ ဒါတွေကိုဆွေးနွေးရပါမယ်၊ ထွက်ခွင့်ပေး မလား မပေးလားဆိုတာကို စီအီးစီက ဆုံးဖြတ်ရမှာဖြစ်ပါတယ်"
မနေ့က နိုဝင်ဘာလ ၂၇ ရက် နေ့စွဲနဲ့ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆီ လိပ်မူပြီး ပါတီတာဝန်နဲ့ ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်ခွင့်ပြုပါရန်ဆိုပြီး ဒေါက်တာအေးမောင် ကိုယ်တိုင် လက်မှတ်ထိုးတင်ပြလိုက်တာဖြစ်ပါတယ်။
ပါတီတွင်း ခေါင်းဆောင်တွေ အချင်းချင်းကြား ညီညွတ်မှုမရှိတဲ့အပြင် နည်းမျိုးစုံနဲ့ တိုက်ခိုက်တာတွေ၊ အုပ်စု ဖွဲ့စော်ကားတာတွေ အထူးသဖြင့် မိမိတစ်ဦးတည်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေ တွေ့ရှိနေရ ပါတယ်ဆိုပြီး ဒေါက်တာအေးမောင်ရဲ့ နှုတ်ထွက်စာမှာ ထည့်သွင်းရေးသားထားပါတယ်။
ဒေါက်တာအေးမောင်ဆီ ဆက်သွယ်ရာမှာတော့ ဖုန်းစက်ပိတ်ထားပါတယ်။
ဒေါက်တာအေးမောင်ဟာ ANP ပါတီမှာ ၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး အခုလက်ရှိမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံထားရသူဖြစ်ပါတယ်။