နုတ်ထွက်စာ ရုပ်သိမ်းမှာ မဟုတ်ကြောင်း ဒေါက်တာအေးမောင် ပြော
2018.01.06
ရခိုင်အမျိုးသားပါတီ ANP ဗဟိုကော်မတီအစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးပဲဖြစ်ဖြစ် နုတ်ထွက်စာကို ရုပ်သိမ်းမှာမဟုတ်ကြောင်း ဒေါက်တာအေးမောင်က ဒီနေ့ ပြောလိုက်ပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့က စစ်တွေမြို့မှာ စတင်ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ မြို့နယ်ကိုယ်စားလှယ်တွေ က ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကို ပါတီကနေ နုတ်ထွက်ခွင့်မပြုဖို့ တင်ပြမှုတွေရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။
"မှန်ပါတယ်ဗျ၊ ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ပဲဗျ၊ သာမန်တာဝန်မှ မဟုတ်တာ၊ တိုင်းသိပြည်သိ၊ ခုနကလို စာတင်ပြီဆိုတည်းက ဒါတကယ်ထွက်ဖို့အတွက် ဆုံးဖြတ်ထားပြီးသား၊ လွတ်လွတ်လပ်လပ် နှုတ်ထွက်ပိုင်ခွင့်ပေးထားတဲ့ ဒီမိုကရေစီပါတီဖြစ်ပါတယ်၊ အဲဒါကို မည်သည့်ပုဂ္ဂိုလ်မှ ငြင်းလို့မရပါဘူး"
ANP ဥက္ကဌ ဒေါက်တာအေးမောင်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ပါတီကနေ နုတ်ထွက်ခွင့် တင်ပြထား တာဖြစ်ပါတယ်။ ပါတီစည်းမျဉ်းစည်းကမ်းအရ ပါတီနဲ့ပတ်သက်ပြီး ငွေကြေးကိစ္စအပါအဝင် ကိစ္စအားလုံးကို ရှင်းလင်းပြီးဖြစ်ရင် နုတ်ထွက်နိုင်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
ANP ပါတီ ဗဟိုကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ ဒေါက်တာအေးမောင်ကို ဖိတ်ကြားထားပေမယ့် တက်ရောက်ခြင်း မရှိပါဘူး။
ဗဟိုကော်မတီအစည်းအဝေးကို မနက်ဖြန်အထိ ကျင်းပမှာဖြစ်ပြီး ဒီနေ့မှာ ဒေါက်တာအေးမောင်နဲ့ ဦးကျော်ဇောဦး နုတ်ထွက်စာတင်ထားတဲ့ကိစ္စကို ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် မနက်ဖြန် ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။