ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အာကာမိုးသူ ထောင်သုံးနှစ် ချမှတ်ခံရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနမှူး ပါမောက္ခ ဒေါက်တာ အာကာမိုးသူဟာ ဇန်နဝါရီလ ၁၉ ရက် မနေ့က ထောင်သုံးနှစ် ချမှတ်ခံလိုက်ရပါတယ်။
ဒေါက်တာ အာကာမိုးသူ ဟာ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အမိန့်ချမှတ်ခံရတာလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဆရာက ၅၀၅-က နဲ့ တရားစွဲခံထားရတာပါ။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ရန်ကုန် တက္ကသိုလ်ထဲမှာ ဆရာ၊ ဆရာမတွေ စုပြီး ဆန္ဒပြဖို့ ပြင်နေရင်း အိမ်စီးကားနဲ့ ဆရာ တစ်ယောက်ထဲကိုပဲ သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ်။ နောက်ပြီး ကျန်တဲ့ ဆရာ၊ ဆရာမတွေကိုလည်း အကြမ်းဖက်ဖြိုခွင်းသွားတယ်"
ဒေါက်တာ အာကာမိုးသူ ဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လေးစားချစ်ခင်မှုကို အပြည့်အဝရထားတဲ့ ဆရာတစ်ဦး ဖြစ်တယ်လို့ သူက ပြောပါတယ်။
သူဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်က တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ အကြမ်းမဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDM ကို ဦးဆောင်ခဲ့သူဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒေါက်တာ အာကာမိုးသူ ဟာ တက္ကသိုလ်ဆရာသမဂ္ဂ (UTA) ကို စတင်တည်ထောင်ခဲ့သူ တစ်ဦး ဖြစ်သလို လက်ရှိ တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီ (RC of UTAs) ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။