၂၁ ရာစုပင်လုံ အားလုံးပါဝင်ရေး DPN တင်ပြမယ်


2016.06.29
dpn-meeting-620.jpg နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က ခေါင်းဆောင်တွေ ဇွန်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ်
Photo: Aung Moe Myint/RFA

ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီဟာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မရေး ထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ရန်ကုန်မြို့မှာ ဇူလိုင်လ ၁ ရက် နေ့ တွေ့ဆုံမယ်လို့ သိရ ပါတယ်။ အဲဒီတွေ့ဆုံပွဲကို ဦးဆောင်တက်ရောက်မယ့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ခေါင်းဆောင် ခူးဦးရယ် က အစိုးရရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားတွေကို သူတို့တရားဝင်သိချင်တယ်လို့ RFA ကို ပြောပါတယ်။

"ဒါကတော့ ကျနော်တို့ DPN အဖွဲ့နဲ့ ဒီ ဒေါက်တာတင်မျိုးဝင်း  ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ နဲ့ တွေ့မှာပါနော့်၊ အဲ့ဒီမှာ  တပ်မတော်ကိုယ်စားလှယ်တွေ လည်း ပါမယ်ထင်ပါတယ်နော်၊ ဒါကတော့ ကျနော်တို့  အကြို တွေ့ဆုံဆွေးနွေးပွဲလို့လည်း ပြောလို့ရတယ် အဓိကကတော့ အကြောင်း အရာ ၃  ခုကိုပဲ ကျနော်တို့ အဓိကထားပြီးတော့ တင်ပြဆွေးနွေးဖို့ ရှိပါတယ်။  အားလုံးပါဝင်ရေးနဲ့ ပတ်သက်လို့ပေါ့နော် အစိုးရဘက် ကနေပြီးတော့ ဘယ်လိုစဉ်းစားထားသလဲပေါ့၊ အထူးသဖြင့် ကျနော်တို့ NCA မှာရော နိုင်ငံရေး  တွေ့ဆုံဆွေးနွေး ပွဲ အဆင့်မှာပါပေါ့နော်၊ ကျနော်တို့ အားလုံး ပါဝင်ရေးနဲ့  ပတ်သက်ပြီးအစိုးရရဲ့ အမြင်သဘော ထားကို ကျနော်တို့ တရားဝင်ပေါ့နော်၊  သတင်း မီဒီယာတွေမှာတော့ အမျိုးမျိုးပြောကြဆို ကြတာတွေတော့ ရှိတာပေါ့နော်  ဒါပေမဲ့ အကြိုဆွေး နွေးပွဲမှာ တရားဝင် ကျနော်တို့ အစိုးရဘက် က  ပြောဆိုဆွေးနွေးတာကို မှတ်သားသွားဖို့ ဖြစ် ပါတယ်"

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့  တိုင်းရင်းသားတွေရဲ့ DPN အဖွဲ့က ဗိုလ်ချူပ် ဂွန်မော် ဦးဆောင်တဲ့ အဖွဲ့ဟာ ဇွန်လ ၃ ရက်နေ့ က  ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ အခု တွေ့ဆုံပွဲကိုတော့ DPN က ခူးဦး ရယ်၊ ဗိုလ်ချူပ်စိုင်းထူး၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူးကြီး မင်းထွန်း၊ ဒေါက်တာ နိုင်ရွှေသိန်းနဲ့ တာ့ညီလူ တို့ ပါဝင်တဲ့ ကိုယ်စားလှယ် ၆ ယောက် တက်ရောက် မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခု ဇူလိုင် ၁ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ အဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်မှာ တွေ့ဆုံရေးကိစ္စကိုလည်း ဆွေးနွေးမယ်လို့ ခူးဦးရယ် က ပြောပါတယ်။ အဲဒီလို UNFC ခေါင်းဆောင်တွေနဲ့ ကန့်သတ်ချက် တစ်စုံတစ်ရာမပါဝင်ပဲ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က သဘောတူ ထားပြီး ဖြစ်တယ် လို့ အစိုးရအသိုင်းအဝန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။