အငြိမ်းစားတပ်မတော်အရာရှိတွေ ဦးဆောင်တဲ့ပါတီကို မှတ်ပုံတင်ခွင့်ပြု
2019.05.19
တပ်မတော်က အငြိမ်းစားစစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်မယ့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ် ပါတီ DPN ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၁၇ ရက်နေ့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကြေညာထားပါတယ်။
ရက်ပေါင်း ၆၀ အတွင်း ပါတီဝင်အင်အားအနည်းဆုံး တစ်ထောင်နဲ့ ရွေးကောက်ပွဲကော်မရှင်ထံ ပြန်တင်ပြရမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က RFA ကို ပြောပါတယ်။
အဲဒီပါတီကို အငြိမ်းစားဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်နဲ့ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် တို့က ဦးဆောင်ကြမှာဖြစ် တယ်လို့လည်း သိရပါတယ်။
ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်ဟာ သမ္မတ ဦးသိန်းစိန် လက်ထက်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ကတော့ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ကာ သမ္မတ ဦးသိန်းစိန် လက်ထက်က ရာထူးကနေ ဖယ်ရှားခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့မှာ အောင်ပြည့်စုံဆိုတဲ့ ဆိုင်နာမည်နဲ့ ထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ ဖြစ်ပါတယ်။
DPN ပါတီတာဝန်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းရာမှာ လက်ရှိဖြေကြားပေးဖို့ အစီအစဉ်မရှိသေးကြောင်းနဲ့ သတင်းပြန်ကြားရေးအတွက် တာဝန်ရှိသူတွေ နောက်ပိုင်းမှာထားရှိပေးမယ်လို့ DPN ပါတီတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
လက်ရှိအချိန်မှာ တပ်မတော်သား အငြိမ်းစားဗိုလ်ချုပ်ဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတွေထဲမှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဦးဆောင်တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ "ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ" နဲ့ အခုအငြိမ်းစား ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တည်ထောင်ထားတဲ့ "အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ" တို့ဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်လာကြမှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။