ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်ရန် ကျပ်ငွေ ၁ဝ သိန်း လှူဒါန်း
2011.06.25

ဒီ မ,တည်ငွေကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက လက်ခံရယူခဲ့ပါတယ်။
“ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်ဖို့အတွက် မ,တည် ပြီးတော့လှူတယ်ပေါ့။ တချို့လည်း ပါတဲ့ငွေ ထည့်ကြတယ်။ တချို့လည်း ကတိကဝတ် ပြုကြတယ်။ အဲဒါကို မ,တည်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မူလနေရာမှာ ပြန်လည်ဖြစ်မြောက်အောင် တည်ဆောက်မယ်။ နောက်ထပ်လည်း ထပ်စုကြမယ်၊ ကောက်ကြမယ် ပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ယူပြီး လုပ်ကိုင်ပေးပါ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုယ်စား ဒီငွေကို ကျနော်က လက်ခံပြီးတော့၊ အားလုံးဝိုင်းဝန်း ကူညီပြီးတော့၊ လုပ်နိုင်တဲ့ အချိန်အခါပေးရင် ဒေါ်အောင်ဆန်းစုကြည်က ချက်ခြင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ စွမ်းရည်ရှိတယ်၊ ဒါကြောင့်မို့ လောလောဆယ် ရတဲ့ငွေကို ကျနော်ကပဲ ခဏ ထိန်းသိမ်းထားပေးတယ်လေ”
ရှေ့နေကြီး ဦးသန်းတင်ရဲ့ အသက် ၉ဝ ပြည့် မွေးနေ့ပွဲကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်တဲ့အတွက် ဦးတင်ဦးက ကိုယ်စား လက်ခံရယူပြီး ရရှိတဲ့ အလှူငွေတွေကို လောလောဆယ် ထိန်းသိမ်းထားတာပါ။
ဦးသန်းတင်ရဲ့ မွေးနေ့ပွဲကို အလွှာပေါင်းစုံက မိတ်ဆွေတွေ တက်ရောက်ကြပြီး ရှေ့နေတွေက ဥပဒေရေးရာ ကိစ္စတွေ၊ ရင်ဆိုင် ကျော်လွှားနေရတဲ့ အခက်အခဲတွေကို အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။