ဒေါ်လာနဲ့ရွှေစျေး အနည်းငယ်ပြန်ကျ
2024.08.14
စံချိန်တင် မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာစျေးဟာ ဩဂုတ်လ ၁၄ ရက် ဒီနေ့ ညနေပိုင်းမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၆၃၀၀ ဝန်းကျင်ရှိနေပြီး စျေးအနည်းငယ်ကျဆင်းသွားတယ်လို့ နိုင်ငံခြား ငွေလဲလှယ်ရေးလုပ်ငန်း လုပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ ညနေမှာ ပြင်ပ ဒေါ်လာအရောင်းအဝယ် စျေးကွက်ထဲ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၇၀၀၀ ကျော်အထိ ဖြစ်ခဲ့ပြီး ပြည်တွင်း အခေါက်ရွှေစျေးနှုန်းက တစ်ကျပ်သားကို ရှစ်ဆယ့်ငါးသိန်းခန့်ထိ မြင့်တက်ခဲ့တာပါ။
ဩဂုတ်လ ၁၄ ရက် ညနေမှာတော့ ပြည်တွင်း အခေါက်ရွှေစျေးနှုန်းက တစ်ကျပ်သားကို ၇၇ သိန်းဝန်းကျင်ရှိနေပြီး ရွှေစျေးလည်း ကျပ်ရှစ်သိန်းနီးပါး ကျဆင်းသွားပါတယ်။
ဒါပေမဲ့လည်း စျေးကွက်ထဲ စျေးနှုန်း အတက်အကျ ကွားခြားနေတာကြောင့် အရောင်းအဝယ်တွေလည်း တည်ငြိမ်မှုမရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။
“ဆယ်သိန်းလောက်တော့ ပြန်ပြုတ်ကျသွားတယ်။ ကောလဟာလတွေနဲ့ စျေးအတက်အကျ ကြမ်းတော့ အရောင်းအဝယ်တွေ ကမောက်ကမ ဖြစ်နေတယ်။ အရောင်းအဝယ်လုပ်ရတာမလွယ်ဘူး။ လုပ်ဖို့မတတ်တော့ဘူး။ တစ်ဆယ်သား တစ်ပိုင်းဆိုရင် သိန်း ၁၀၀ လောက်ကွာနေတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူး"
ပြီးခဲ့တဲ့ ရက်က ထိုင်းဘတ်ငွေ တစ်ဘတ်ကို ကျပ်နှစ်ရာအထိ မြင့်တက်ခဲ့ပေမဲ့ ဒီကနေ့မှာ အနည်းငယ်စျေးပြန်ကျသွားပြီး ထိုင်းတစ်ဘတ်ကို မြန်မာငွေ ၁၆၆ ကျပ်ရှိတာကြောင့် မြန်မာကျပ်ငွေ တန်ဖိုး အနည်းငယ် မြင့်တက်လာပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်က အခေါက်ရွှေ တစ်ကျပ်သားကို ၁၃ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာစျေးကလည်း တစ်ဒေါ်လာကို ၁၄၀၀ ကျပ်သာ ရှိခဲ့ပေမဲ့ အခုတော့ ဒေါ်လာနဲ့ ရွှေဈေး ငါးဆနီးပါးအထိ မြင့်တက်လာတာပါ။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ဒေါ်လာနဲ့ ရွှေဈေးမြင့်တက်နေတာဟာ နိုင်ငံတည်ငြိမ်ရေးနဲ့ အေးချမ်းရေးကိုမလိုလားတဲ့ သူတွေကြောင့်ဖြစ်ပြီး အကျိုးစီးပွားအတွက်လုပ်နေတာကြောင့် တရားမဝင် ရောင်းဝယ်နေတာတွေကို အရေးယူမယ်လို့ ဩဂုတ်လ ၁၀ ရက်က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့လည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျပ်ငွေအစား ဒေါ်လာနဲ့ ရွှေကို ဝယ်ယူစုဆောင်းသူတွေကြောင့် အခုလို ဈေးမြင့်တက်လာတာလို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။