ပစ်ခတ်မှုတွေကြား ညှိနှိုင်းတာတွေ လည်းရှိကြောင်း DKBA ဆက်ဆံရေးရုံး တာဝန်ခံပြောဆို


2014.09.29
karen_dkba_troops_305_z ဒီမိုကရေစီအကျိုးပြု တပ်မတော် DKBA တပ်ဖွဲ့ဝင်တချို့ ကို တွေ့ရစဉ်
Photo: RFA

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ ဒီမိုကရေစီ အကျိုးပြုတပ်မတော် DKBA တပ်ဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ် ပွားနေပေမဲ့၊ တချိန်တည်းမှာလည်း  အောက်ခြေ အဆင့်ကစပြီး နှစ်ဘက်ဆွေးနွေးမှုတွေ ဆောင်ရွက်နေ တယ်လို့ မြဝတီမြို့ DKBA ဆက်ဆံရေးရုံးတာဝန်ခံ က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကစပြီး အစိုးရတပ်နဲ့ DKBA တပ်တွေ အောက်ခြေအဆင့်မှာ ပြဿနာတချို့ ပေါ်ပေါက် ခဲ့ပါတယ်။ အဓိကအနေနဲ့ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် စစ်တ်စုံယူနီဖေါင်း ချွတ်ခိုင်းတာ၊ လက်နက်သိမ်းတာ၊ ဖမ်းဆီးတာတွေကြောင့်၊ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ၊  စက်တင်ဘာလ ၂၈ ရက်နေ့အထိ တိုက်ပွဲအနည်းဆုံး ၆ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်ညှိနိုင်းမှုတွေ ရှိခဲ့တယ်လို့ မြဝတီမြို့ DKBA ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။

အလားတူ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး၊ မနေ့က ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။ အခုဖြစ်ပွားတဲ့ ပြဿနာတွေဟာ မြဝတီမြို့မှာ စက်တင်ဘာလ ၁၉ ရက်နေ့က  ယာဉ်တိုက်မှုတွေနဲ့ ဆက်နွယ်ပြီး အာဏာပိုင်တွေဘက်က ပစ်ခတ်လို့  DKBA ဗိုလ်ကြီး လင်းနိုင်ဦး သေဆုံး ရတဲ့ကိစ္စနဲ့ မပတ်သက်ဘူးလို့လည်း  ဗိုလ်ကြီး စောစိုးမြင့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။