တပ်မတော်ပိုင်လက်နက်တွေ DKBA က ပြန်လည်ပေးအပ်
2014.10.06

ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် DKBA က သိမ်းယူထားတဲ့ မြန်မာ့တပ်မတော်ပိုင် လက်နက်တွေကို ဒီကေဘီအေ ဒုတိယစစ်ဦးစီးဌာနချုပ် ဒုတိယဗိုလ်ချုပ် ကြီး စောမူဆေးက ကော့ကရိတ်မြို့က စခရ ၁၂ စစ် ကွပ်ကဲရေးဌာနမှာ မြန်မာစစ်တပ်အရာရှိတွေကို ဒီကနေ့ ပြန်လည်အပ်နှံခဲ့ပါတယ်။
အစိုးရတပ်နဲ့ ဒီကေဘီအေတပ်တွေ တိုက်ပွဲဖြစ်ပွားစဉ် က သိမ်းဆည်းခဲ့တဲ့ အစိုးရလက်နက်တွေကို အခုလိုပြန်လည်အပ်နှံရင်း နောက်ထပ်တိုက်ပွဲတွေ မဖြစ်အောင်လည်း ဆွေးနွေးခဲ့တယ်လို့ ဒီကေဘီအေ မြဝတီဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ပြောပါတယ်။
"သိမ်းထားတဲ့လက်နက်တွေကို ပြန်လည်ပေးအပ်ခဲ့တယ်ပေ့ါနော်၊ တစ်ဖက်နဲ့တစ်ဖက် ပြေပြေလည်လည်ညှိနှိုင်းမှု နဲ့ ကျနော်တို့ သွားပါမယ်ခင်ဗျ၊ ဘာမှဆက်မလုပ်ဖို့လည်း ညွှန်ကြားထားပြီးသား၊ ဘာမှမဖြစ်တော့ဘူး စိတ်အေးအေးပဲထားပါလို့ ပြောချင်ပါတယ်"
ဒီကေဘီအေတပ်က ဗိုလ်မှူးစောဆန်းအောင်နဲ့ အစိုးရတပ်အရာရှိတွေ အောက်တိုဘာလ ၄ ရက်နေ့ က တေ့ွဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို လက်နက်တွေ ပြန်လည်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မြဝတီမြို့မှာ အစိုးရစစ်တပ်ဘက်က ပစ်ခတ်ခဲ့မှုကြောင့် DKBA တပ်ဖဲ့ွက အရာရှိတစ်ဦး သေဆုံးခဲ့ရာကနေ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။