ရန်ကုန်မှာ ဝမ်းရောဂါကြောင့် သုံးရက်အတွင်း လူ ၁၇၀ နီးပါး ဆေးရုံတက်ရ

RFA Burmese
2024.07.08
ရန်ကုန်မှာ ဝမ်းရောဂါကြောင့် သုံးရက်အတွင်း လူ ၁၇၀ နီးပါး ဆေးရုံတက်ရ ဝမ်းရောဂါကြောင့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း ပိတ်ထားရသည့် လမ်းဘေးဆိုင်တချို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်းအတွင်းက ဆေးရုံတွေမှာ ဇူလိုင်လ ၈ ရက် မနေ့က တစ်ရက်တည်းမှာတင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ကုသရသူ လူနာသစ် ခြောက်ဆယ်ဦးအထိ ရှိလာတာကြောင့် သုံးရက်အတွင်း ဆေးရုံတက်ကုသရသူ ၁၆၇ ဦးအထိ ရှိလာပါတယ်။

ဝမ်းရောဂါကြောင့် ဇူလိုင်လ ၇ ရက်နေ့မှာ ၄၄ ဦးနဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ ၆၃ ဦး ဆေးရုံတက် ကုသခဲ့ရတာပါ။

ဝမ်းရောဂါကြောင့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း ပိတ်ထားရသည့် လမ်းဘေးဆိုင်တချို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ဝမ်းရောဂါကြောင့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း ပိတ်ထားရသည့် လမ်းဘေးဆိုင်တချို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စက်ရုံ၊ အလုပ်ရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စတဲ့ လူစုလူဝေးရှိတဲ့နေရာတွေမှာ ဝမ်းရောဂါ မပြန့်ပွားစေရေး အလေးပေး ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ရန်ကုန်တိုင်းက ဝမ်းရောဂါအဖြစ်များတဲ့ မြို့နယ်တွေထဲက ဒေါပုံမြို့နယ်မှာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီး သာကေတမြို့နယ်က ရောဂါကူးစက်မှုစတင်လျော့ကျလာပြီလို့လည်း ဆိုပါတယ်။

"ဓာတ်ဆားထုပ်တွေ ဈေးတက်ကုန်တယ်။ လူတွေအများ စိုးရိမ်ပြီး တစ်ယောက်ကို အရေအတွက်များများဝယ်ပြီး ဆောင်ထားကြတော့ ဈေးတက်သွားတာ"

ရန်ကုန်မြို့က ဆေးဆိုင်တွေမှာတော့ ဝမ်းရောဂါဂယက်ကြောင့် ဓာတ်ဆားထုပ်တွေ ဈေးတက်နေတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဓာတ်ဆားထုပ်တွေ ဈေးတက်ကုန်တယ်။ လူတွေအများ စိုးရိမ်ပြီး တစ်ယောက်ကို အရေအတွက်များများဝယ်ပြီး ဆောင်ထားကြတော့ ဈေးတက်သွားတာ။ အရင်ကတစ်ထုပ် တစ်ထောင်လောက်ရှိတာဆိုရင် ရပ်ကွက်ထဲက ဆိုင်အသေးလေးတွေမှာ ၂၅၀၀ လောက်အထိ ဈေးတက်သွားတယ်”

ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်း သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်နဲ့ ဗိုလ်တစ်ထောင်မြို့နယ်တွေမှာ ဝမ်းပျက်ဝမ်း‌လျှော ကူးစက်ခံရသူတွေ များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်းရောဂါ စတင်ဖြစ်ပွားတဲ့ ဇူလိုင်လပထမပတ်အတွင်းမှာတော့ ဝမ်းရောဂါကြောင့် သေဆုံးသူ ငါးဦးအထိ ရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဝမ်းရောဂါကြောင့် သေဆုံးသူမရှိဘူးလို့ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။