ရွှေမြစန္ဒီအိမ်ယာကနေအိမ်တွေကို ဖယ်ရှားရာမှာ လေးဦး ထိခိုက်ခဲ့ကြောင်း ဒေသခံတွေပြော
2019.04.29
ကရင်ပြည်နယ် မြဝတီမြို့နယ် မဲကနယ်ကျေးရွာအနီးမှာရှိတဲ့ ရွှေမြစန္ဒီအိမ်ယာစီမံကိန်းက နေအိမ် ၂၀၀ နီးပါးကို အာဏာပိုင်အဖွဲ့အစည်းတွေက မနေ့ညမှာ ဖျက်စီးခဲ့တာကြောင့် ထိခိုက်ဒဏ်ရရှိခဲ့ပြီး လူလေးဦးလောက် ဆေးရုံတင်ထားရကြောင်း ဒေသခံတွေက RFA ကို ပြောပါတယ်။
မနေ့ညကစပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အဖွဲ့စုံပူးပေါင်းအဖွဲ့က စက်ယန္ဒားတွေနဲ့ ဖြိုဖျက်ခဲ့တာကြောင့် လူလေးဦးထက်မနည်း ထိခိုက်ပြီး ဆေးရုံရောက်သွားတယ်လို့ ရွှေမြစန္ဒီအိမ်ယာမှာနေထိုင်တဲ့ ဦးငယ်က RFA ကို ပြောပါတယ်။
မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကတော့ ထိခိုက်ဒဏ်ရာရတာမဟုတ်ဘဲ ရာသီဥတုကြောင့် မောပန်းနွမ်းနယ်တဲ့ သက်ကြီးရွယ်အိုတွေကို ကြိုတင်ဆေးကုမှုခံယူဖို့ စီစဉ်ပေးခဲ့တာလို့ ပြောပါတယ်။
အဲဒီအိမ်ယာမှာနေထိုင်သူတွေကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ဖျက်သိမ်းဖို့ အကြောင်းကြားခဲ့ပြီး နောက်ထပ်သုံးရက် တိုးပေးခဲ့တယ်လို့ သိရပါတယ်။
တကယ်နေထိုင်ပြီး တန်ဖိုးကြီး နေအိမ်ပိုင်ရှင်တွေကို အုပ်စုအေ သတ်မှတ်ပြီး ပေ ၄၀ ပေ ၆၀ မြေကွက်ပြန်ပေးခဲ့သလို တကယ်နေထိုင်ပြီး တန်ဖိုးနည်းအိမ်ပိုင်ရှင်တွေကို အုပ်စုဘီ အနေနဲ့ သတ်မှတ်ကာ သူတို့ကို ပေ ၂၀ ပေ ၆၀ မြေကွက်တွေကို အစိုးရ စီမံခန့်ခွဲနိုင်တဲ့ နေရာတွေမှာ ပြန်လည်ချထားပေးခဲ့တယ်လို့ ဦးသန့်ဇင်အောင်က ပြောပါတယ်။ ဒါပေမဲ့ ဒေသခံတချို့ကတော့ သူတို့အနေနဲ့ အစားထိုးမြေကွက်တွေ မရဘူးလို့ ပြောကြပါတယ်။
ရွှေမြစန္ဒီအိမ်ယာစီမံကိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက DKBA အဖွဲ့က ဗိုလ်မှူး ညီညီ ဆိုသူက အကွက်ရိုက် ရောင်းချခဲ့တဲ့နေရာဖြစ်ပါတယ်။
မြေကွက်တစ်ကွက်ကို ကျပ် တစ်သိန်းခွဲနဲ့ ရောင်းချတာကြောင့် လူအများအပြားက ဝယ်ယူကြပြီး နေအိမ်ဆောက်လုပ်နေထိုင်ကြပါတယ်။
ဒီအိမ်ယာစီမံကိန်းကို အစိုးရက အသိအမှတ်မပြုဘူးလို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကိုယ်တိုင် မြဝတီလူထုတွေဆုံပွဲမှာ ပြောကြားခဲ့ပြီး အကွက်ရိုက်ရောင်းချခဲ့တဲ့ DKBA က ဗိုလ်မှူး ညီညီ ဆိုသူကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။