ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးနဲ့ ၈၈ကျောင်းသားခေါင်းဆောင် များ တွေ့ဆုံ

2013.03.01
desmondtutu_88_305 တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ မတ်လ ၁ ရက်နေ့က ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ရုံးခန်းမှာ တွေ့ဆုံ ခဲ့စဉ်
phot: RFA/ Sai Tun Aung Lwin

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်အာဖရိကနိုင်ငံ က နိုဘယ်ငြိမ်းချမ်းရေးဆုရှင်  ခရစ်ယန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စမွန်တူးတူး (Archbishop Desmond Tu Tu ) ဟာ ဒီကနေ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ရုံးချုပ်မှာ တွေ့ဆုံခဲ့ ပါတယ်။

ဒီလို တွေ့ဆုံကြရာမှာ ဒက်စမွန်တူးတူးနဲ့ ၈၈မျိုးဆက်ကျောင်းသားတွေအကြား လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်အမြင်တွေကို အပြန်အလှန် ဖလှယ်ခဲ့ကြတယ်လို့ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက RFA ကို အခုလို ပြောပါတယ်။

"သူကတော့ သူ့နိုင်ငံအတွေ့အကြုံနဲ့ ယှဉ်ပြီးပြောတဲ့အခါ လက်ရှိနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုတာကို သတိပြုမိတယ်၊ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အခက်အခဲတွေကိုလည်း သူ့အနေနဲ့သဘောပေါက်တယ်၊ အဲတော့ကျနော်တို့က သူနဲ့ဆွေးနွေးတဲ့အခါမှာ သူ့အတွေ့အကြုံလေးတွေကို မျှဝေတယ်၊ ခွန်အားဖြစ်စေမယ့် တိုက်တွန်းမှုတွေလုပ်တယ်၊ အဓိက ကျနော်တို့ ပြဿနာတွေက ကျနော်တို့ကိုယ်တိုင် ဖြေရှင်းဆောင်ရွက်ရမှာ ဖြစ်တယ်ဆိုတာကို သူကအားပေးပါတယ်"

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ ၈လေးလုံးအရေးတော်ပုံကနေပါဝင်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့အကြောင်းနဲ့ ဒီမျိုးဆက်တွေကပဲ နိုင်ငံရဲ့အပြောင်းအလဲကာလကို ဦးဆောင်သွားရမှာဖြစ်ကြောင်း   တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုမြအေးစတဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် ၁၉၉၆ ခုနစ်နဲ့ ၂၀၀၇ ခုနစ် ကျောင်းသားမျိုးဆက်တွေလည်း ပါဝင်တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီနောက် နေ့လည်ပိုင်းမှာတော့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး  ဟာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားပါတယ်။ သူရဲ့မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။