ဒေါ်အောင်ဆန်းစုကြည်ကို ဒိန်းမတ်သံအမတ်ကြီးတွေ့ဆုံ
2010.12.07

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်း၊ ဖိလစ်ပိုင်သမတ ဘန်နစ်နို အကွီနိုစတဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်း ပြောဆိုခဲ့သလို၊ နိုင်ငံတကာ သံအမတ်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်ဆိုသလို တွေ့ဆုံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာလည်း ဒီဇင်ဘာ ၈ ရက် မနက်ဖြန် မနက်မှာ သံဃာတော်တွေနဲ့ သီလရှင်တွေကို သင်္ကန်းနဲ့ ပစ္စည်းလေးပါး ဆက်ကပ် လှူဒါန်းပွဲ ပြုလုပ်မယ်လို့ သတင်းရရှိပါတယ်။
အထိန်းသိမ်းခံထားရတဲ့အချိန်တုန်းက NLD ရုံးချုပ်ရှေ့မှာ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆွမ်းလောင်းပွဲတွေမှာ သွားရောက် အလှူခံလေ့ရှိတဲ့ သံဃာတော်တွေကို အဓိက ရည်စူး လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ မေဝင်းမြင့် က RFA ကို အခုလို ပြောပါတယ်။
“ဒေါ်စုနဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ဆွမ်းလောင်းခဲ့တာလေ။ ဒီ့အတွက်ကို အစ်မ လွတ်မြောက်လာတဲ့အခါမှာ သံဃာတော်တွေ ရည်စူးပြီးတော့ သင်္ကန်းလောင်းမှာပေါ့နော်။ Random ပေါ့၊ လာတဲ့ သံဃာတော်တွေ အားလုံးကို အစ်မကိုယ်တိုင် လောင်းသွားမှာပါ။ ကျွန်မတို့ကလည်း banner ad နဲ့ အပြင်မှာ ထုတ်ထားတယ်။ အင်္ဂါနေ့တိုင်း ဆွမ်းခံကြွနေကျ သံဃာတော်များ မနက်အလှူကျရင် ကြွတော်မူပါဘုရားဆိုပြီး ပင့်ထားတာ ဖြစ်ပါတယ်။”
သံဃာတော်တွေအတွက် သင်္ကန်းကပ်လှူသလို၊ သီလရှင်တွေကိုလည်း ပဝါကပ်မယ်လို့ ဆိုပါတယ်။ ဒီပွဲအတွက် စုစုပေါင်း သင်္ကန်းအစုံ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ပွဲကို ဗဟန်းမြို့နယ်က NLD ရုံးချုပ်ရှေ့မှာ မနက်ဖြန် ဒီဇင်ဘာလ ၈ ရက် မနက် ၈ နာရီမှာ စတင်မှာ ဖြစ်ပါတယ်။