ဒေါ်ခင်ကြည်အတွက် ဆွမ်းကပ်ပွဲ မြောင်းမြမှာ ကျင်းပ
2014.12.28

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ၂၆ နှစ်ပြည့် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ဒေါ်ခင်ကြည် ဇာတိမြို့ဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မှာ တနင်္ဂနွေနေ့က ကျင်းပရာမှာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နာယက ဦးတင်ဦးတို့ တက်ရောက်ခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြောင်းမြမြို့ စြင်္ကာနန္ဒာစေတီဝန်းထဲက စြင်္ကာသီဟ ခန်းမမှာ ဒေသ ခံတွေနဲ့ တွေ့ဆုံ ခဲ့ပြီး ဒေါ်ခင်ကြည်ကို တာဝန်ကျေ တဲ့ နိုင်ငံသူတစ်ဦးအဖြစ် ပြည်သူတွေက ဂုဏ်ပြုစေ ချင်ကြောင်း ပြောကြားခဲ့ပါတယ်။
"မေမေ့ရဲ့တစ်သက်တာမှာ တာဝန်မကျေခဲ့ဘူးဆိုတဲ့ အချိန် တစ်ခါမှမရှိခဲ့ပါဘူး၊ ဒါကြောင့် ကျမတို့ က မေမေ့ကိုဂုဏ်ပြုတဲ့အခါမှာ ကျမ မိခင် တစ်ယောက်အနေနဲ့မဟုတ်ဘဲနဲ့ တာဝန်ကျေ တဲ့ နိုင်ငံသူတစ်ယောက်အနေနဲ့ ဂုဏ်ပြုစေချင်ပါတယ်၊ ကျမတို့အားလုံးဟာ မေမေ့နည်းတူ တာဝန်ကျေတဲ့ နိုင်ငံသူနိုင်ငံသားများလည်း ဖြစ်နိုင်ပါတယ်၊ ဖြစ်နိုင်လို့လည်း ဖြစ်စေချင်ပါတယ်"
ဒါ့အပြင် နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ မိမိတို့ ပတ်ဝန်းကျင်နဲ့ နိုင်ငံအတွက် ရှင်သန်ကြသူတွေဖြစ်စေဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားအတွက် မြောင်းမြ မြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို အိမ်မဲမြို့မှာလည်း ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။
တနင်္ဂနွေနေ့မနက်က ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ဒေါ်ခင်ကြည်အတွက် သံဃာတော်တွေကို အာရုဏ်ဆွမ်း ကပ်လှူခဲ့ပါတယ်။