မြောင်းမြထောင်မှာ လွတ်ရက်စေ့ ရိုဟင်ဂျာလေးဦး သေဆုံးခဲ့ကြောင်း နိုင်ကျဉ်းတွေပြော
2024.08.15

ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး နေရပ်ကို ပြန်မပို့သေးဘဲ အကျဉ်းထောင်ထဲမှာ ဆက်လက်ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေထဲက လေးဦးဟာ ဖေဖော်ဝါရီလနဲ့ ဇွန်လအတွင်း သေဆုံးသွားတယ်လို့ မြောင်းမြအကျဉ်းထောင်မှာ အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေက RFA ကို ပြောပါတယ်။
မြောင်းမြအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ရိုဟင်ဂျာ တစ်ရာကျော်ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ကတည်းက လွတ်ရက်စေ့ခဲ့ပေမဲ့ မြောင်းမြအကျဉ်းထောင်ရဲ့ အဆောင် ၃၊ အခန်း ၆ နဲ့ အဆောင် ၄၊ အခန်း ၇ မှာ ဆက်လက် ထိန်းသိမ်းခံခဲ့ရပြီးနောက် သေဆုံးခဲ့တာပါ။
ကျန်တဲ့ လွတ်ရက်စေ့ ရိုဟင်ဂျာတွေလည်း အခုအချိန်အထိ မြောင်းမြအကျဉ်းထောင်ထဲမှာပဲ ဆက်ပြီး ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေ ထောင်ကျနေချိန် တန်းစီးတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုခံရတာ၊ ဆေးဝါးအလုံအလောက် ကုသခွင့်မရတာနဲ့ အာဟာရချို့တဲ့မှုတွေကြောင့် ဖေဖော်ဝါရီလမှာ နှစ်ဦး သေဆုံးခဲ့ပြီး ဇွန်လမှာ နှစ်ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောင်းမြထောင်မှာ အကျဉ်းကျခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတစ်ဦးက RFA ကို ပြောပါတယ်။
“လွတ်ရက်စေ့တာကို ပြန်မလွှတ်သေးဘဲနဲ့ ထောင်မှာပဲ အဲဒီအတိုင်းချုပ်ထားတယ်ပေါ့။ အဲဒီ ထောင်မှာပဲ အိပ်၊ စားရတယ်။ နေရတယ်။ အစားအစာ ချို့တဲ့တယ်။ နောက် ဆေးဝါးက ပါရာစီတမော့တောင် အနိုင်နိုင်ပေါ့။ အဲဒီတော့ အစားအစာချို့တဲ့တာတွေ၊ ဆေးဝါးလုံလောက်မှု မရတာတွေကြောင့် လေးယောက်ဆုံးသွားတယ်။ ထောင်ထဲမှာပဲ သေတာခင်ဗျ”
သေဆုံးသူတွေဟာ အသက် ၂၀ ကနေ ၃၀ အရွယ်ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး ပြည်ပကိုထွက်ခွာဖို့ ကြိုးစားချိန် ဧရာဝတီတိုင်းထဲမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ထောင်ချခံရတဲ့ ပုဒ်မနဲ့ ပြစ်ဒဏ်ကာလကိုတော့ အသေးစိတ် မသိရသေး ပါဘူး။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဧရာဝတီတိုင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက နေရပ်စွန့်ခွာလာသူတွေ ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေး ကူညီပေးနေတဲ့ ရှေ့နေတွေကတော့ နေရပ်နေစွန့်ခွာလာတဲ့ ရိုဟင်ဂျာတွေ ဖမ်းဆီးခံရရင် စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ - ၆(၂)၊ ၆(၃) နဲ့ တရားစွဲပြီး ထောင် နှစ်နှစ်ကနေ ငါးနှစ်အထိ ချလေ့ရှိတယ်လို့ RFA ကို ပြောထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖမ်းဆီးခံ ရိုဟင်ဂျာတွေကို အကူအညီပေးနေသူတစ်ဦးကတော့ အရင်က လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာတွေကို သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးက စိစစ်ပြီး နေရပ်ပြန်ပို့တာတွေ လုပ်ခဲ့ပေမဲ့ အခုနောက်ပိုင်း လုံခြုံရေးအခြေအနေတွေကြောင့် အဲဒီလို မလုပ်တော့ဘူးလို့ RFA ကို ပြောပါတယ်။
“အရင်က ကားနဲ့ နေရပ်ပြန်ပို့တာရှိတယ်။ အခုနောက်ပိုင်း အဲဒီလို ထောင်ထဲမှာပဲ ပြန်ထားတယ်။ လုံခြုံရေး အခြေအနေတွေ အရ ဆိုရင်လည်း ထောင်ထဲမှာမထားသင့်ဘူး။ ကြီးကြပ်တာဝန်ယူနိုင်မဲ့သူကို လွှဲပေးရမှာ။ အပြင်မှာ တာဝန်ခံပြီး ခေါ်ထားနိုင်မဲ့သူဆီပို့ရမှာ”
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးနဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဩဂုတ်လ ၁၅ ရက် ဒီကနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး မြောင်းမြအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ရာဇဝတ်အကျဉ်းသားတွေက ရိုက်နှက်နှိပ်စက်တာနဲ့ ငွေကြေးတောင်းခံမှုတွေအပြင် အတင်းအကျပ် လုပ်အားခိုင်းစေမှုတွေ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။