ထားဝယ်ထောင်ဝန်ထမ်းနှစ်ဦးကိုသတ်ပြီး အကျဉ်းသားငါးဦး ထွက်ပြေး
2023.10.02
တနင်္သာရီတိုင်း၊ ထားဝယ်ထောင်က အကျဉ်းသားငါးဦးဟာ စက်တင်ဘာလ ၃၀ ရက်၊ မနက်ပိုင်း ၇ နာရီခန့်က ထောင်အပြင်ထွက်ပြီး ရာဘာထင်းသယ်ချိန်မှာ လုံခြုံရေး တာဝန်ကျတဲ့ ဝန်ထမ်းနှစ်ဦးကိုသတ်ပြီး ထွက်ပြေးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထားဝယ်အကျဉ်းထောင်ကနေ ရှစ်မိုင်ကျော်ဝေးတဲ့ ရေဖြူမြို့နယ်၊ ဇီးကျရွာအနီး ခုတ်ထားတဲ့ရာဘာထင်းတွေကိုသယ်ဖို့ အကျဉ်းသားငါးဦးကို ခိုင်းခဲ့တာပါ။
အကျဉ်းသားတွေက လုံခြုံရေးယူထားတဲ့ ထားဝယ်အကျဉ်းထောင်တာဝန်ကျ တပ်သား အောင်ဘိုဘိုထွဋ်နဲ့ လွင်ငြိမ်းတို့ နှစ်ဦးကိုသတ်ပြီး ထွက်ပြေးခဲ့တာလို့ ထားဝယ် အကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
လွတ်မြောက်သွားတဲ့ အကျဉ်းသားငါးဦးဟာ နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
"လွတ်ခါနီးလူတွေ ပါတယ်ပြောတယ်။ သူတို့ကို ထောင်ပြင်ထုတ်ပြီး ထင်း သွားသယ်ခိုင်းတဲ့အချိန် ငါးယောက်စလုံးက ထွက်ပြေး လွတ်မြောက်သွားတာပေါ့။ သေသွားတဲ့နှစ်ဦးက ထောင်အစောင့်တွေ။ အလုပ်လုပ်တဲ့နေရာမှာကလည်း အစောင့် နှစ်ဦးနဲ့ သူတို့ ငါးဦးပဲရှိတယ်လို့ ကြားတယ်။ အဲဒီမှာ သတ်ပြီး ထွက်ပြေးသွားကြတာ ပေါ့"
ထားဝယ်အကျဉ်းထောင်နဲ့ နီးစပ်သူနောက်တစ်ဦးကလည်း ဒီဖြစ်စဉ်ကို အတည်ပြုပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ခုဆီ ရောက်ရှိသွားတယ်လို့ သူက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
တနင်္သာရီတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဇီးကျရွာအနီး ထင်းသယ်ဖို့သွားတဲ့ ထောင်ဝန်ထမ်းနှစ်ဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းတွေကိုတော့ အောက်တိုဘာလ ၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မောင်မယ်ရှောင်ကျေးရွာအုပ်စု ရေဝိုင်းလမ်းဆုံအနီးမှာ ပြန်တွေ့ခဲ့တယ်လို့ ရေးသားထားပါတယ်။
ထောင်ဝန်ထမ်းနှစ်ဦးဟာ လက်ပြန်ကြိုးတုပ်၊ မျက်နှာကိုပုဝါစည်းခံထားရပြီး ရင်အုံ၊ ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ရေးသားထားပါတယ်။
လက်ရှိမှာ လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးဖို့ စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ ရှာဖွေတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။