ဖမ်းဆီးထားတဲ့ ဆရာ၊ ဆရာမ သုံးဦး အပြစ်မရှိရင် ပြန်လွှတ်ပေးဖို့ DDMSC တောင်းဆို
2024.02.29
တနင်္သာရီတိုင်း၊ ထားဝယ်နည်းပညာတက္ကသိုလ်က ဖမ်းဆီးခံထားရတဲ့ ဒုတိယ ပါမောက္ခချုပ်အပါအဝင် Non CDM ဝန်ထမ်းသုံးဦးဟာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ထားတာ တစ်စုံတစ်ရာမရှိရင် ချက်ချင်းပြန်လွှတ်ပေးဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဖေဖော်ဝါရီလ ၂၉ ရက်နေ့ညက ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ပြစ်မှုကျူးလွန်တာမရှိရင် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ DDMSC ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
"ကျွန်တော် DDMSC အနေနဲ့က အရပ်သားပြည်သူတွေကို စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်တဲ့ဟာမျိုးတွေ မဖြစ်စေချင်ဘူး၊ နောက်တစ်ခုက NUCC ရဲ့ CDM ပေါ်လစီမှာ ပြဌာန်းထားသလို ဖော်ပြထားသလို ရာဇဝတ်မှုကျူလွန်ထားတာမျိုး၊ လူ့အခွင့်အရေးချိုးဖောက်တာမျိုးတွေ၊ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်မှုတွေ မရှိရင် ဘယ်လိုအကြောင်းပြချက်နဲ့မှ မဖမ်းသင့်ဘူးလို့ ယူဆတယ်၊ အဲဒါကြောင့် ဖမ်းဆီးထားတဲ့ Non CDM ဆရာ၊ ဆရာမ သုံးယောက်ကို ပြန်လွှတ်ပေးစေချင်တယ်"
လွတ်လပ်မျှတတဲ့ လူ့ဘောင်အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင်ကို တိုက်နေတာဖြစ်ပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်း တန်ဖိုးတွေကို ဂရုတစိုက်နဲ့ အလေးထားဆောင်ရွက်သင့်ကြောင်းလည်း ကိုမင်းလွင်ဦးက ပြောပါတယ်။
ဒါကြောင့် လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး တစ်စုံတစ်ရာ ကျူးလွန်တာမရှိရင် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဗထူးတပ်မတော်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ တာဝန်ရှိတဲ့ရဲဘော်တွေကို အထူးမေတ္တာရပ်ခံတောင်းဆိုချင်တယ်လို့လည်း ကိုမင်းလွင်ဦးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဆရာ၊ ဆရာမသုံးဦးဟာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်တာ၊ CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ အပါအဝင် ပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်တာ၊ ခြိမ်းခြောက်တာတွေ မရှိကြောင်း ကနဦး စုံစမ်းသိရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ထားတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM မူဝါဒမှာလည်း CDM ဝန်ထမ်းတွေ အပါအဝင် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေကျူးလွန်တဲ့ Non CDM ဝန်ထမ်းတွေကိုသာ ဥပဒေအတိုင်း အရေးယူမယ်လို့ ပါရှိတယ်လို့လည်း ရေးသားပါတယ်။
ထားဝယ်နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နဲ့ ဌာနမှူးနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဗထူးတပ်မတော် ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ထားဝယ်နည်းပညာတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ကျော်အောင်၊ အင်္ဂလိပ်စာ ဌာနမှူး ဒေါ်စုစုလတ်နဲ့ မြို့ပြအင်ဂျင်နီယာ ဌာနမှူး ဒေါ်နန္ဒာလွင်တို့ သုံးဦးကို ဖေဖော်ဝါရီလ ၂၈ ရက် မနေ့ နေ့လယ် ၁၂ နာရီလောက်က ကျောင်းဝင်းထဲမှာပဲ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဗထူးတပ်မတော်ရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဗထူးတပ်မတော်ရဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဖော်ပြချက်မှာတော့ PDF တွေက ထားဝယ်နည်းပညာ တက္ကသိုလ်က ဒုတိယပါမောက္ခချုပ် အပါအဝင်သုံးဦးကို ဖမ်းဆီးသွားတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး ဒီအတွက် သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်သလို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဆရာ၊ ဆရာမ တွေကိုလည်း အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပူတပြင်း ရှာဖွေဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။