ထားဝယ်နဲ့ ချောင်းဦးက နိုင်ငံရေးလှုပ်ရှားသူနှစ်ဦး ထောင် ၁၀ နှစ်ကနေ နှစ် ၃၀ ကျော်ထိ ထပ်တိုးခံရ
2023.10.19

တနင်္သာရီတိုင်း ထားဝယ်မြို့က ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ မယဉ်ယဉ်ချိုကို စစ်ကောင်စီတရားရုံးက ထောင် ၃၂ နှစ်နဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ထောင် ၁၁ နှစ် ထပ်တိုးချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ထားဝယ်မြို့က အထည်ဆိုင်ပိုင်ရှင် အသက် ၃၄ နှစ်အရွယ် မယဥ်ယဥ်ချိုကို ဒေသကာကွယ်ရေးတပ် PDF တွေကို ထောက်ပံ့တယ်ဆိုပြီး ထားဝယ်ထောင်တွင်း တရားရုံးကနေ အောက်တိုဘာ ဒုတိယပတ်ထဲမှာ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မတွေဖြစ်တဲ့ ၅၀ (ည) နဲ့ ၁၀ နှစ်၊ ပုဒ်မ ၅၁ နဲ့ ၅၂ အတွက် ၁၀ နှစ်နဲ့ ပုဒ် ၅၄ အတွက် ထောင်ဒဏ် ၁၂ နှစ် စုစုပေါင်း ၃၂ နှစ် ထပ်ချလိုက်တာလို့ ထားဝယ်မြို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က အဖွဲ့ဝင်တွေက ပြောပါတယ်။
သူဟာ အခုနှစ် မေလကတည်းက အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀ (ည) နဲ့ ထောင် ၁၂ နှစ် ချမှတ်ခံထားရတာမို့ ဒီတစ်ကြိမ်နဲ့ဆိုရင် စုစုပေါင်း ၄၄ နှစ်ကျခံရဖို့ ရှိနေပြီလို့ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းက ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေထဲမှာ မယဉ်ယဉ်ချိုက ထောင်ဒဏ် အများဆုံးချမှတ်ခံရသူဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ (DDMSC) အဖွဲ့ဝင်တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“မယဉ်ယဉ်ချိုက အခုနှစ် ဇန်နဝါရီလက သူနေတဲ့အိမ်မှာ သူ့မောင်နဲ့အတူ အဖမ်းခံထိတာ။ သူတို့ကိုဖမ်းပြီး သိပ်မကြာခင်မှာ သူတို့ရဲ့ အထည်ဆိုင်ကိုပါ ပိတ်လိုက်တယ်။ သူက တနင်္သာရီတိုင်းမှာ ထောင်ကျနေတဲ့ မိန်းကလေးထဲမှာဆိုရင် နှစ် အရှည်ဆုံးဖြစ်နေတာ။ နှစ် ၄၀ ကျော်ဆိုတာ သူက ပထမဆုံးပဲ”
မယဉ်ယဉ်ချိုကို ဖမ်းတဲ့နေ့မှာပဲ မောင်ဖြစ်သူ ကိုသက်ဇော်ဝင်းကိုလည်း ရဲနဲ့စစ်တပ်ကဖမ်းဆီးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်ပုဒ်မ သုံးခုနဲ့ အောက်တိုဘာလ ဒုတိယအပတ်မှာပဲ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ထားတယ်လို့ သူကဆိုပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကတော့ အောက်တိုဘာ ၁၈ ရက်နေ့မှာ မုံရွာထောင်တွင်း တရားရုံးကနေ ထောင် ၁၁ နှစ် ထပ်ချခံရတာလို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၀ (က)၊ ၅၁ (ဂ)၊ ၅၂ (က) သုံးခုအတွက် ထောင်ဒဏ် ၁၁ နှစ်ကို တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချလိုက်တာလို့ ဆိုပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်ကတည်းက နိုင်ငံရေးပုဒ်မ ၅၀၅ (က) အပါအဝင် တခြားအမှုတွေအတွက် ထောင် ၁၀ နှစ် ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင် ၂၁ နှစ်ကျခံရဖို့ ရှိနေပါတယ်။
အသက် ၂၀ ကျော်သာရှိသေးတဲ့ ကိုမာန်ဇာမြေမွန်ကို ဘာပြစ်မှုမှ ကျူးလွန်တာမျိုးမရှိဘဲ ထောင် ၂၁ နှစ်ချလိုက်တာက များလွန်းတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
သူဟာ စစ်တပ်အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် ဧပြီလမှာပဲ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခံရတာပါ။ အဲဒီနောက် ဇွန်လ ၈ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရှမ်းထူးရွာမှာ တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်တွေက သူ့ကို အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် မုံရွာစစ်ကြောရေးစခန်းမှာ လက်ချောင်းတွေ အချိုးခံရတဲ့အထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်လို့ ချောင်းဦးမြို့နယ်က အမည်မဖော်လိုတဲ့ သပိတ်ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကြောရေးမှာ လက်ချောင်းတွေ လှန်ချိုးခံထားရတော့ လှုပ်ရှားမှုက အရင်လို မဟုတ်တော့ဘူးပေါ့။ အဖမ်းခံရတုန်းကလည်း ပေါင်မှာ ကျည်ထိထားတယ်။ ဆေးကုသခွင့် အပြည့်အဝမရတော့ ဒဏ်ရာတွေက အချိန်မီ မပျောက်ဘဲဖြစ်နေတယ်။ ပြောရရင်တော့ ကျန်းမာရေးဟာ တော်တော်ဆိုးရွားနေတယ်"
လက်ရှိအချိန်အထိ ကိုမန်ဇာမြေမွန်ကို မိသားစုနဲ့တွေခွင့်မပေးဘဲ လိုအပ်တဲ့ဆေးဝါးနဲ့ အစားအစာတချို့သာ ထောင်အာဏာပိုင်တွေကတစ်ဆင့် ပို့ပေးနေရတယ်လို့လည်း သူကပြောပါတယ်။
အရပ်သားတွေကို အခုလို ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်နေတာနဲ့ပတ်သက်ပြီး နေပြည်တော်ရှိ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ်အများဆုံး ချမှတ်ခံထားရသူတွေကတော့ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က အသက် ၂၇ နှစ်အရွယ် ကိုကျော်သက်နဲ့ မကွေးတိုင်း တောင်တွင်းကြီးမြို့က အသက် ၂၈ နှစ်အရွယ် ကိုအောင်ခန့်ဦးတို့ဖြစ်ပါတယ်။
စစ်ကောင်စီက သူတို့နှစ်ဦးကို ပုဒ်မမျိုးစုံတပ်ပြီး ကိုကျော်သက်ကို ထောင် ၂၂၅ နှစ်နဲ့ ကိုအောင်ခန့်ဦးကို ထောင်ဒဏ် ၂၀၃ နှစ် ချမှတ်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၈ ရက်ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၂၅,၃၁၂ ဦးရှိနေပါတယ်။