ဗြိတိန်နိုင်ငံက မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများ ကူညီရေးလှုပ်ရှားမှု

မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုတွေကို ကူညီထောက်ပံ့ရေး ရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့ Burma Campaign UK အဖွဲ့ရဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး မဝေနှင်းပွင့်သုန်ဟာ ဒိုင်ဗင်ခုန် ကစားပွဲ တမျိုးမှာ ပါဝင် လှုပ်ရှားမယ်လို့ သိရပါတယ်။

2010.09.04
mya_aye_daughter_305_z အကျဉ်းကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၏ သမီးဖြစ်သူ မဝေနှင်းပွင့်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသည့် မြန်မာ့အရေးဆုတောင်းပွဲတွင် တွေ့ရစဉ်။ (Photo: RFA)
RFA

Bungee jumping လို့ခေါ်တဲ့ ကစားနည်းဟာ ခြေထောက်မှာ သားရေရှုံ့ကြိုး ချည်ပြီး အမြင့်ကနေ ဒိုင်ဗင်ထိုး ခုန်ချတဲ့အခါ အမြင့်ပေအလိုက် တိုင်းပြီး ချည်ထားတဲ့ သားရေရှုံ့ကြိုးကြောင့် ခုန်သူရဲ့ ဦးခေါင်းနဲ့ မြေပြင်မထိခင်မှာ တုန့်ကနဲရပ်သွားတဲ့ ကစားနည်း ဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အန္တရာယ်နဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိကို စမ်းသပ်တဲ့ အဲဒီ Bungee jumping ကစားနည်းဟာ အခုအခါ နိုင်ငံတကာမှာ လူကြိုက်များ ခေတ်စားလာနေတယ်လို့ သိရပါတယ်။

အဲဒီ ကစားပွဲကို လာမယ့် စက်တင်ဘာ (၁၆)ရက်နေ့ လန်ဒန်မြို့ အိုတူးလေဟာပြင်နေရာမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ မဝေနှင်းပွင့်သုန်က မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများ ကူညီ ထောက်ပံ့ရေးအတွက် ရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့ ပေ (၁၆၀) အမြင့်ကနေ ဒိုင်ဗင်ထိုး ခုန်ချရမယ့် ကစားပွဲမှာ ပါဝင်မှာဖြစ်ပါတယ်။ အဲသလိုပါဝင်ဖို့ စိတ်ကူးရခဲ့ပုံကိုလည်း အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“ရုပ်ရှင်ထဲကနေ ဒီ ခြေထောက်မှာ ကြိုးချည်ပြီး အမြင့်ပေါ်ကနေ ဒိုင်ဗင်ခုန်ချတာကို မြင်တဲ့အခါကျတော့ သမီးစဉ်းစားတာ ဒါလုပ်တဲ့အခါကျရင် နယ်စပ်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေကို အကူအညီပေးလို့ ရတယ်ဆိုပြီး အကြံရတာပါ”

လန်ဒန် တက္ကသိုလ်တခုရဲ့ ဒုတိယနှစ် ကျောင်းသူဖြစ်တဲ့ အသက် (၂၁) နှစ်အရွယ် မဝေနှင်းပွင့်သုန်ဟာ ပြည်တွင်းမှာ ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမြအေးရဲ့သမီး ဖြစ်ပါတယ်။ လွတ်လပ်သူတွေဟာ သူတို့ရဲ့ လွတ်လပ်မှုကို မလွတ်လပ်သူတွေ အတွက် အသုံးချလို့ ရနိုင်တယ်ဆိုတာ ပြသချင်ပါတယ်လို့  မဝေနှင်းပွင့်သုန် က ပြောပါတယ်။

“ဒီနိုင်ငံမှာ လွတ်လပ်ခွင့်ရှိတယ်။ အဲဒီလွတ်လပ်ခွင့်ကြောင့်ပဲ အပျော်သဘောကနေတောင် လူတွေကို ကူညီဖို့ ဒီလိုမျိုး အဓိပ္ပါယ်ရှိတဲ့ အလုပ်တခုကို ပြောင်းလို့ရတယ် ဆိုတာကို ပြောချင်တာပါ”

စက်တင်ဘာ (၁၆) ရက်နေ့မှာ ပြုလုပ်မယ့် Bungee jumping ကစားပွဲကို မြန်မာပြည် နိုင်ငံရေး အကျဉ်းသားတွေ ထောက်ပံ့ရေး ရန်ပုံငွေအတွက် မဝေနှင်းပွင့်သုန် ပါဝင်မယ်လို့ ကြေညာခဲ့အပြီး (၃) နာရီအတွင်းမှာပဲ အလှူငွေ အမေရိကန်ဒေါ်လာ တထောင် ရရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။