အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ အခက်အခဲဆုံး လို့ နိုင်ငံတော်အတိုင်ပင်ခံပြော
2018.08.21

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ အခက်အခဲဆုံးနဲ့ အရှုပ်ထွေးဆုံးလုပ်ငန်း စဉ်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံ ဂရင်းဟိုက်ယက်အင်တာနေရှင်နယ် ဟိုတယ်မှာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးနဲ့ စိန်ခေါ်ချက်တွေအကြောင်း ခေါင်းစဉ်နဲ့ ဒီနေ့ဟောပွဲကျင်းပရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ဟာ အခက်အခဲဆုံးနဲ့ အရှုပ်ထွေးဆုံးလုပ်ငန်းစဉ်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံဟာ ၁၉၄၈ ကိုလိုနီလက်အောက်ခံနိုင်ငံကနေ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာရှင်ခေတ်၊ ၁၉၈၈ ကနေ အခုအချိန်အထိ အသွင်ကူးပြောင်းခေတ်ဆိုတာတွေကို ကြုံတွေ့ခဲ့ရတာတွေကို ပြောကြားခဲ့တာပါ"
အဲဒီနောက် နိုင်ငံတကာက ဖိအားပေးတာတွေရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကို ပြောကြားရာမှာ မကြာခင်က ကွယ်လွန်သွားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းနဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန် အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးလည်း မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေး သွားသူတွေ ပြန်လည်လက်ခံနေရာချထားရေးနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်တွေ ဝင်ရောက်ခွင့်ပြုခဲ့သလို ပြန်နေရာချထား ဖို့ ကျေးရွာတွေလည်း အကောင်ထည်ဖော်ခဲ့ပြီးဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အဲဒီနောက် နိုင်ငံတကာအသိုင်းဝိုင်းက စိတ်အဝင်စားဆုံးကိစ္စဟာရခိုင်ပြည်နယ်အရေးဖြစ်ပြီး ဒုတိယ စိတ်ဝင်စားမှုက ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ဒီအတွက် မြန်မာအစိုးရသစ်က ပြင်ဆင်ထားတာတွေ ကိုလည်းပြောကြားခဲ့ပါတယ်။