ထွက်ပြေးသူတွေ ပြန်လာရေး ဘင်္ဂလားဒေ့ရှ်ပေါ် မူတည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2018.08.22
dassk-sg-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံ ISEAS မှာ ၂၀၁၈ သြဂုတ်လ ၂၁ ရက်နေ့ကကျင်းပတဲ့ Myanmar's Democratic Transition : Challenges and Way Forward ဟောပြောပွဲမှာ မိန့်ခွန်းပြောကြားစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးရောက်ရှိနေသူတွေ ပြန်လည်အခြေချနေထိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု အဓိကလိုအပ်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စိန်ခေါ်မှုများနဲ့ ရှေ့ခရီးလမ်း ဆိုတဲ့ ခေါင်းစဉ်နဲ့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကို ပြောကြားရင်း အဲဒီ နေရပ်စွန့်ခွာထွက်ပြေးသွားသူတွေ ဘယ်လောက် မြန်မြန်ဆန်ဆန် ပြန်နိုင်မယ် ဆိုတာကို မိမိတို့နိုင်ငံက တဖက်သတ်ဆုံးဖြတ်လို့မရဘဲ ပူးပေါင်းဆောင်ရွက်ရမယ့် ဘင်္ဂင်္လားဒေ့ရှ်နိုင်ငံအပေါ်မှာလည်း မူတည်နေကြောင်း၊ သူတို့ပြန်လွှတ်မှ မိမိတို့က လက်ခံလို့ရမှာဖြစ်ကြောင်းနဲ့ နေရပ်စွန့်ခွာနေရသူအားလုံး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ ဒုက္ခဆင်းရဲတွေကို မိမိတို့ အထူးစိုးရိမ်ပြီး စာနာဝမ်းနည်း မိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ပဋိပက္ခကို စတင်ဖန်တီးခဲ့တဲ့ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ဟာ လက်ရှိ ရင်ဆိုင်နေ ရတဲ့ ပကတိပြသနာတရပ်ဖြစ်ပြီး အဲဒီ စိန်ခေါ်မှုကို မဖြေရှင်းနိုင်ရင် ဒေသတွင်းမတည်ငြိမ်မှုပေါ်ပေါက်နိုင်တဲ့ အန္တရာယ်ဆက်လက်ရှိနေမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံကိုသာမက ဒေသအတွင်းက နိုင်ငံတွေကို ပါ ခြိမ်းခြောက်နေကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို လက်တွေ့ဖြတ် သန်းနေရတဲ့ မိမိတို့ပြည်တွင်းကသူတွေနဲ့ ပြည်ပကလေ့လာ သုံးသပ်သူတွေ ရှုမြင်ပုံခြင်း မတူကြောင်း၊ ပြည်ပက လူတွေအနေနဲ့ သူတို့ အာရုံစိုက်လိုတဲ့အချက်ကို ရွေးချယ်နိုင်ခွင့်ရှိပေမဲ့ မိမိတို့အနေနဲ့ကတော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်ရော နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝတွေအတွက်ပါ စိုးရိမ်ပူပန်နေရတာဖြစ်ကြောင်း၊ ရခိုင်ပြဿနာပြီးရင် မိမိတို့ ဒီကနေ့ အရေးအကြီးဆုံးအချက်အဖြစ် အာရုံစိုက်နေရတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရရှိရေးဖြစ်ကြောင်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေ လာရောက်လုပ်ကိုင်လို့ အဆင်ပြေအောင် ဆောင်ရွက်နေပုံတွေကို လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားပါတယ်။

တပ်မတော်က ထပ်မံပြီး အာဏာသိမ်းမှာကို မစိုးရိမ်ဘူးလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနား တက်ရောက်သူတဦးက မေးမြန်းရာမှာတော့ မိမိတို့နဲ့ တပ်မတော်အကြား ဆက်ဆံရေးက ဒီလောက်အဆိုးကြီး မဟုတ်ပါဘူး။ အစိုးရအဖွဲ့ထဲမှာ တပ်မတော်က ရွေးချယ်ထားတဲ့ ဝန်ကြီး ၃ ဦးရှိပါတယ်။ အဲဒီဝန်ကြီး ၃ ဦးလုံး သဘောကောင်းကြ ချိုသာကြပါတယ်လို့ ခပ်ပြုံးပြုံနဲ့ ဖြေကြားခဲ့ရာမှာ ပရိသတ် ပွဲကျသွားခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်တာနဲ့အမျှ စစ်တပ်ရဲ့သြဇာလွှမ်းမိုးမှု လျှော့နည်းသွားမှာဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

စင်္ကာပူသမ္မတ Mrs.Halimah Yacob မစ္စစ် ဟာလီမား ယာကွတ်နဲ့ ဝန်ကြီးချုပ် Lee Hsien Loong လီရှင်လွန်းတို့နဲ့ မနေ့က တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးဖော်ဆောင်ရေးနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး စင်္ကာပူနိုင်ငံက အပြုသဘော ဆက်လက် ထောက်ခံအားပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။