ISIS အန္တရာယ် ဒေါ်အောင်ဆန်း စုကြည် လုံခြုံရေးတိုးမြှင့်မယ်
2016.08.03

အစ္စလာမ်မစ်အစွန်းရောက် IS က မလေးရှားနိုင်ငံက ရဲစခန်းတစ်ခုကိုပေးပို့တဲ့ ခြိမ်းခြောက်စာထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပါနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အကြီးအကဲတွေ ရဲ့လုံခြုံရေးကို ပုံမှန်ထက်အလေးထား ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
"ခုနောက်ပိုင်း IS ပေါ်လာတဲ့အချိန်မှာကျတော့ ကမ္ဘာ့အခြေအနေကြည့်လိုက်ရင် ကျနော်တို့ လျော့တွက်လို့ မရဘူး၊ ပေါ့ဆလို့မရဘူး၊ နိုင်ငံတိုင်းမှာရှိတဲ့ အထူးသဖြင့် လူငယ်လူရွယ်တွေ အစွန်းရောက် ဆွဲဆောင်စည်းရုံး မှုနောက် ပါမသွားဖို့အရေးကြီးတယ်၊ ဒါကို သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေမှာလည်း တာဝန်ရှိတယ်၊ အစိုးရမှာလည်း တာဝန်ရှိတယ်၊ ပြည်သူမှာလည်း တာဝန်ရှိတယ်၊ အဓိကကတော့ လူတွေစိုးရိမ်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် လုံခြုံရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေက ပုံမှန်အနေအထားထက် ပိုပြီးတော့ အလေးထားပြီးဆောင်ရွက်သွားမှာပါ"
မလေးရှား ရဲစခန်းတစ်ခုဆီ IS အဖွဲ့က ပေးပို့တဲ့ခြိမ်းခြောက်စာထဲမှာ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်နဲ့ ဝန်ကြီး အဖွဲ့တွေအမည်အပြင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာ ဖြစ်ပါတယ်။
အဲ့ဒီ သတင်းတွေကြောင့် လုံခြုံရေးတိုးမြှင့်မှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
IS အဖွဲ့ရဲ့ အစွန်းရောက်အကြမ်းဖက်လှုပ်ရှားမှုတွေဟာ ကမ္ဘာ့နိုင်ငံအချို့မှာရှိနေတဲ့အတွက် လုံခြုံရေးကို ပေါ့ဆလို့ မရတဲ့အတွက် အထူးတင်းကြပ်မှာဖြစ်တယ်လို့ လည်း ပြောပါတယ်။
အစိုးရအနေနဲ့လည်း အိုင်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေပြီး ဒေသတွင်းနိုင် ငံတွေနဲ့လည်း သတင်းအချက်အလက်တွေကို လက်တွဲပူးပေါင်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။