တရားတဲ့ ဥပဒေတွေ စိုးမိုးရမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော


2018.03.07
dassk-622.jpg နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေမိုးစိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office - facebook

ပြည်သူတွေ တည်ငြိမ်မှု၊ လုံခြုံမှုရှိဖို့အတွက် တရားတဲ့ ဥပဒေတွေ စိုးမိုးရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန ၂ မှာ ကျင်းပတဲ့ တရားဥပဒေမိုးစိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာညီလာခံ မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျမတို့ရဲ့ တကယ်အရေးကြီးတာ တရားတဲ့ဥပဒေတွေဖြစ်ရမယ်၊ မတရားတဲ့ ဥပဒေတွေ စိုးမိုးတယ်ဆိုတာ ဘယ်သူကိုမှ အကျိုးမပြုပါဘူး၊ ကျမမတို့နိုင်ငံကို အကျိုးပြုဖို့ ကျမတို့ ပြည်သူပြည်သားတွေ တည်ငြိမ်မှု၊ လုံခြုံမှုရဖို့ ဆိုလို့ရှိရင် တရားတဲ့ဥပဒေတွေဖြစ်ဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်။ ဥပဒေတစ်ခုက တရားတယ်၊ မတရား တယ်ဆိုတာ နောက်ဆုံး ဘယ်သူက ဆုံးဖြတ်မလဲဆိုတာ ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာပဲ။ ပြည်သူလူထုရဲ့ ဘဝအပေါ်မှာ နိစ္စဓူဝတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲ တကယ်ပဲ တည်ငြိမ်မှု၊ လုံခြုံမှု၊ အားလုံး အတွက် တန်းတူ ရည်တူ အခွင့်အရေးပေးတဲ့ဥပဒေတွေ ဟုတ်သလား၊ မဟုတ်သလားဆိုတာ နောက်ဆုံး ပြည်သူက ဆုံးဖြတ်ရမှာ ပြည်သူရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူတွေက အကောင်အထည်ဖော်ရမလဲဆိုတော့ ပထမဦးဆုံး လွှတ်တော်က အကောင်အထည်ဖော်ရမှာပေါ့။"

ဒါ့အပြင် ဥပဒေတွေဟာ ပြည်သူလူထုအတွက် အကျိုးပြုတဲ့ဥပဒေတွေ ဖြစ်ရဲ့လားဆိုတာ လွှတ်တော်က ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ရတာဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဥပဒေစိုးမိုးရေး အလိုအပ်ဆုံးဖြစ်တယ်ဆိုပြီး ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်သလို ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲဖို့အတွက်လည်း တရားဥပဒေစိုးမိုးမှုရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဂတိတရားကင်းစင်တဲ့ ယဉ်ကျေးမှုတစ်ရပ်ကို တိုင်းပြည်အတွင်းမှာ ထူထောင်ဖို့ အရေးပါတယ်လို့ ပြောခဲ့ပါတယ်။

ညီလာခံကို နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရှေ့နေတွေ၊ တရားသူကြီးတွေ၊ ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် စတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။