နိုင်ငံရေးအရ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး လိုအပ်နေဆဲ

နော်ဝေနိုင်ငံကို (၃) ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အိုင်ယာလန်နိုင်ငံကို မထွက်ခွာ ခင် အော်စလိုမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးတဲ့အဆင့် မဖြစ်ပေါ်သေးဘူး လို့ ပြောကြား လိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၁၈ ရက်က နော်ဝေနိုင်ငံ အော်စလိုမြို့အနီးတွင်ပြုလုပ်သော Oslo Forum ၌ ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၈ ရက်က နော်ဝေနိုင်ငံ အော်စလိုမြို့အနီးတွင်ပြုလုပ်သော Oslo Forum ၌ ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။ (AFP)

"တကယ့်နိုင်ငံရေး ဆွေးနွေးမှုဆိုတာဟာ အားလုံးစာပွဲဝိုင်းမှာထိုင်ပြီးတော့ သက်ဆိုင်တဲ့သူတွေ၊ အထူးသဖြင့် တိုင်းရင်းသားတွေလည်းပါရမယ်။ ကျွန်မတို့ ဒီအစိုးရဘက်ကလူတွေလည်း ပါရမယ်။ အတိုက်အခံဘက်က လူတွေလည်းပါရမယ်။ ကျွန်မတို့ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေလည်းပါရမယ်။ ဒါကိုမှ ကျွန်မတို့က ဒါတကယ့်နိုင်ငံရေးဆွေးနွေးပွဲလို့ ခေါ်နိုင်မှာပါ။ ကျွန်မတို့ နှစ်ဦးချင်းကြားမှာပြောတာ၊ ဆိုတာ၊ ဆွေးနွေးတာလောက်နဲ့ ဒါနိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်တယ်လို့ မဆိုနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျွန်မပြောတာဖြစ်ပါတယ်"

ဒီအတွက် လက်ရှိပြည်သူလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လွှတ်တော်တွင်းကနေ ကြိုးစားသွားမှာ ဖြစ်သလို လွှတ်တော်ပြင်ပကနေလည်း ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်လို့ တိကျ ရှင်းလင်းပြတ်သားတဲ့ နိုင်ငံသား ဥပဒေတွေရှိဖို့ လိုအပ်နေတယ်လို့လည်း သတင်းထောက်တွေ ကို ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ ရိုဟင်ဂျာဆိုတာဟာ မြန်မာပြည်ဖွားတွေမဟုတ်ဘူး၊ ဘင်္ဂလားဒေရှ်နိုင်ငံကနေ မကြာသေးခင်ကမှ ရောက်လာသူတွေလို့ ပြောဆိုတာတွေရှိသလို၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့ နိုင်ငံသားတွေ မဟုတ်ပါဘူး၊ မြန်မာဘက်ကနေ ဝင်လာသူတွေဖြစ်တယ်လို့ ပြန်ပြောတာတွေလည်း ရှိနေပါတယ်။ ဒီပြဿနာရဲ့အခြေခံအကြောင်းရင်းက လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက တရားဥပဒေ စိုးမိုးမှုမရှိတာ၊ မှန်ကန်မျှတတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေမျိုး မရှိသလို ဥပဒေနဲ့ အညီဆောင်ရွက်တာတွေ မရှိခဲ့တာတွေကြောင့်ဖြစ်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမတိုင်ခင်မှာ အော်စလိုက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နော်ဝေနိုင်ငံခြားရေးဝန်ကြီး၊ ကမ္ဘာကျော် ယူတူး တေးဂီတအဖွဲ့ခေါင်းဆောင် ဘိုနို တို့လည်းတက်ရောက်သလို၊ မြန်မာအစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းလည်း တက်ရောက်ခဲ့ပါတယ်။