ကရင်နှစ်သစ်ကူးနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် စကားပြော ကြား
2016.12.29

ကရင်အမျိုးသားနှစ်ကူးကနေပေးတဲ့ သင်ခန်းစာတွေကိုနှလုံးသွင်းပြီး ပြည်ထောင်စုကြီး ခိုင်မာသာယာအောင် လုပ်ဆောင်ကြဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ပထမဆုံးနိုင်ငံတော်အဆင့်ကျင်းပတဲ့ ကရင်အမျိုးသားနှစ်ကူးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောတာဖြစ်ပါတယ်။
"နောက်လာနောင်သားတွေဟာလည်း ကျမတို့ပျိုးခဲ့တဲ့ အခုဒီအချိန်အခါမှာပျိုးခဲ့တဲ့ ငြိမ်းချမ်းရေး မျိုးစေ့လေးတွေရဲ့ အသီးအပွင့်တွေကို ခေတ်အဆက်ဆက် ခံစား၊ စံစားရမှာပါဖြစ်ပါတယ်၊ ဒါကြောင့် ဘာပဲလုပ်လုပ် ကျမတို့ဟာ ရှေ့အနာဂတ်ကို ကြည့်ရပါတယ်၊ အနာဂတ်ဆိုတာ နောက် ၁ နှစ်လည်း မဟုတ်ဘူး၊ နောက် ၂ နှစ်လည်း မဟုတ်ဘူး၊ နောက် လေးငါးနှစ်လည်း မဟုတ်ပါဘူး၊ နိုင်ငံ့အတွက် လုပ်တဲ့သူတွေက နောင်မျိုးဆက်တွေအတွက်ပဲ စဉ်းစားတယ်၊ အဲဒီတော့ ကျမတို့အားလုံးဟာ နောင်မျိုး ဆက်တွေအတွက် စဉ်းစားပြီးတော့ ကရင်အမျိုးသားများရဲ့ အင်မတန်မှ ချစ်ဖွယ်ကောင်းတဲ့ နှစ်သစ်ကူး ကပေးတဲ့ သင်ခန်းစာတွေကို နှလုံးသွင်းပြီးတော့ အားလုံးအတူလက်တွဲပြီးတော့ ပြည်ထောင်စုကြီး ခိုင်မာသာယာဝပြောအောင် လုပ်နိုင်ကြပါစေလို့ ကျမဆုတောင်းမေတ္တာပို့ရင်း နိဂုံးချုပ်ပါတယ်"
ကရင်နှစ်သစ်ကူးမှာ မျှော်လင့်ချက်တွေပြန်ပြီး ဆန်းသစ်လာကြသလို တိုင်းရင်းသားတွေရဲ့ နှစ်ကူးမှာ အားလုံးဝိုင်းဝန်ပြီးလုပ်ဆောင်တာဟာ ကောင်းတဲ့နိမိတ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိမိတ်ကိုပဲ အားမကိုးဘဲ ကိုယ်တိုင်ကြိုးစားကြရမယ်လို့လည်း ပြောပါတယ်။
ဒီကနေ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ရှမ်းတိုင်းရင်းသားဖြစ်တဲ့ ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့ ကမ္ဘောဇ ဘဏ်က ကူညီပံ့ပိုးတယ်လို့လည်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ပြောပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၂၇၅၆ ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို နေပြည်တော်၊ ရန်ကုန်၊ လွိုင်ကော်နဲ့ ဘားအံ စတဲ့မြို့တွေမှာ ကျင်းပကြပါတယ်။