ခြံအမှတ် ၅၄ ကို ဈေးလျှော့ရောင်းချမဲ့အပေါ် လာမဲ့ရုံးချိန်းမှာ အမိန့်ချမည်

RFA Burmese
2024.12.03
ခြံအမှတ် ၅၄ ကို ဈေးလျှော့ရောင်းချမဲ့အပေါ် လာမဲ့ရုံးချိန်းမှာ အမိန့်ချမည် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမွေဆိုင်အငြင်းပွားမှုရှိနေတဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြထားချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ကန့်ကွက်ထားပြီး အဲဒီကိစ္စအတွက် လာမဲ့ရုံးချိန်းရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တရုားရုံးက အမိန့်ချဖို့ ရှိနေပါတယ်။

ဒီဇင်ဘာလ ၂ ရက် မနေ့ကရုံးချိန်းမှာတော့ အဲဒီကိစ္စအတွက် နှစ်ဖက်ရှေ့နေအဖွဲ့က တရားရုံးကို လျှောက်လဲချက် ပေးခဲ့တာပါ။

ဒီအိမ်နဲ့ ခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ တစ်ကြိမ်၊ ၃၀၀ ဘီလီယံနဲ့ တစ်ကြိမ် လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူသူ မရှိတာကြောင့် ၂၉၀ ဘီလီယံနဲ့ ဈေးလျှော့ပြီး လေလံတင်ဖို့ တရားနိုင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့်ပေးတဲ့အပေါ် ဥပေဒေနဲ့ မညီညွတ်ဘူးဆိုပြီး တရားရုံးမှာ ကန့်ကွက်မှုတွေ တောက်လျှောက်လုပ်လာတာ ဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ရမှာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ခွင့်ရဖို့ ရှေ့နေအဖွဲ့က အောက်တိုဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီကို တရားဝင်စာတင် တောင်းဆိုထားပေမဲ့ ဒီနေ့အထိ တွေ့ခွင့်မရသေးဘူးလို့လည်း ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဒီအိမ်နဲ့ ခြံကို အမျိုးသားအဆင့် ယဥ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။