ခြံအမှတ် ၅၄ ကို ဈေးနှုန်းသစ်နဲ့ နောက်တစ်ကြိမ် လေလံပစ်ရန် တရားရုံး ဆုံးဖြတ်
2024.06.27

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄)နဲ့ နေအိမ်ကို လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၃၀၀ နဲ့ လာမယ့် ဩဂုတ်လ ၁၅ ရက်မှာ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင် တရားရုံးက ဇွန်လ ၂၇ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဦးအောင်ဆန်းဦးဘက်က လေလံကြမ်းခင်းဈေးကို ၂၈၅ ဘီလီယံအဖြစ် ဈေးလျှော့ပေးဖို့ တရားရုံးကို တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က ဒီတင်ပြချက်ကို ကန့်ကွက်ခဲ့ပါတယ်။ တရားရုံးက နှစ်ဖက်လုံးရဲ့ တင်ပြချက်တွေကို လက်မခံဘဲ ကြားထဲကနေ ဈေးနှုန်းတစ်ခု သတ်မှတ်ပေးခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးအောင်ဆန်းဦးဘက်က တင်ပြထားတဲ့ လေလံဆွဲဝယ်ယူမဲ့သူတွေကို အိမ်နဲ့ခြံ အတွင်းပိုင်းအထိ ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ဆိုတဲ့ တင်ပြချက်ကိုလည်း တရားရုံးက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ဒေါ်အောင်ဆန်းစုကြည် မသိရှိသေးဘဲ လေလံဆွဲခွင့်ပေးတဲ့အပေါ် ဥပေဒေနဲ့ မညီညွတ်ဘူးဆိုပြီး ကန့်ကွက်ထားပေမဲ့ တရားရုံးကတော့ ဈေးနှုန်းသစ်နဲ့ လေလံဆက်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမအကြိမ် လေလံပွဲမှာတော့ လေလံကြမ်းခင်းဈေးကို ကျပ်ငွေ ၃၁၅ ဘီလီယံ သတ်မှတ်ခဲ့တာပါ။ အဲဒီတုန်းကတော့ အိမ်နဲ့ ခြံကို လေလံဆွဲဝယ်ယူသူ တစ်ဦး တစ်ယောက်မှ မရှိတာကြောင့် လေလံပွဲမအောင်မြင်ခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ဦး ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေထိုင်ရာ အိမ်နဲ့ ခြံတစ်ဝက် ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးက ရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီအမိန့်ကို မကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထောင်ချခံထားရချိန် ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံးက လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီအိမ်နဲ့ ခြံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။