ခြံအမှတ် ၅၄ နေအိမ် လေလံကြမ်းခင်းဈေး ဦးအောင်ဆန်းဦးဘက်က ဈေးလျှော့တင်ပြ
2024.05.23

ပထမအကြိမ်မှာ လေလံဆွဲဝယ်ယူသူမရှိခဲ့တဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄)နဲ့ သမိုင်းဝင်နေအိမ်ကို တရားနိုင်ဖြစ်တဲ့ ဦးအောင်ဆန်းဦးဘက်က မေ ၂၃ ရက် ဒီနေ့ ရုံးချိန်းမှာ လေလံကြမ်းခင်းဈေးကို ဈေးနှုန်းလျှော့ပြီး ပြောင်းလဲတင်ပြခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လေလံကြမ်းခင်းဈေးကို အရင်က ကျပ်ငွေ ၃၁၅ ဘီလီယံသတ်မှတ်ထားရာကနေ ကျပ်ငွေ ၂၈၅ ဘီလီယံကို ပြောင်းလဲတင်ပြတာကြောင့် ကျပ်ငွေ ၃၀ ဘီလီယံ ဈေးလျှော့တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအပြင် လေလံဆွဲမယ့်သူတွေကို ခြံအမှတ် (၅၄) ခြံဝင်းထဲကို ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့ ဆိုတဲ့အချက်ကိုလည်း ကမာရွတ်ခရိုင် တရားရုံထံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့်ရုံးချိန်းကို နောက်တစ်ပတ် မေလ ၃၁ ရက်နေ့ကို ချိန်းဆိုထားပြီး အဲဒီရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ကန့်ကွက်လွှာတင်ဖို့ရှိနေပြီး ဘယ်အချက်တွေကို ကန့်ကွက်မယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။
မတ် ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့လေလံပွဲမှာတော့ ဒီအိမ်နဲ့ခြံကို လေလံဆွဲဝယ်ယူသူ တစ်ဦးတစ်ယောက်မှ မရှိတာကြောင့် လေလံပွဲမအောင်မြင်ဘဲ ပြီးဆုံးခဲ့တာပါ။
သမိုင်းဝင်နေအိမ်ဖြစ်တာ၊ လေလံကြမ်းခင်းဈေး မြင့်တာနဲ့ မြန်မာ့နိုင်ငံရေးကိစ္စတွေနဲ့ပါ ရောထွေးမှုတွေရှိနေတာကြောင့် လေလံပွဲတွေဟာ အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဦးအောင်ဆန်းဦးဟာ ခြံအမှတ် (၅၄) ပရဝုဏ်အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို မောင်နှမ နှစ်ယောက် ခွဲဝေမယ်ဆိုပြီး ၂၀၀၀ ပြည့်နှစ်မှာ အမှုစတင်ခဲ့တာပါ။
၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေထိုင်ရာအိမ်နဲ့ ခြံတစ်ဝက်ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးကရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီအမိန့်ကိုမကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်ထိ အဆင့်ဆင့်အယူခံတက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထောင်ချခံထားရချိန် ဦးအောင်ဆန်းဦးဘက်က အထူးအယူခံ ဆက်တက်ခဲ့စဥ်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်တိုင်း ကမာရွတ် ခရိုင်တရားရုံးက လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီအိမ်နဲ့ ခြံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။