ဥပဒေနဲ့အညီ မဲဆွယ်စည်းရုံး ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2015.08.31
nld-candidates-620 နေပြည်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ၁ဝ ဦး သြဂုတ်လ ၅ ရက်နေ့ က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ အမည်စာရင်း လာရောက်တင်သွင်းစဉ်
Photo: RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် မဲဆန္ဒနယ်မြေတွေ ကနေ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးကြဖို့ ဒီနေ့ တိုက်တွန်းခဲ့ပါတယ်။  နေပြည်တော် မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦး နဲ့ နေပြည်တော်က နေအိမ်မှာ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောပါတယ်။

"နေပြည်တော်က ကိုယ်စားလှယ်လောင်းတွေကို ဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးဖို့၊ ပုဂ္ဂိုလ်ရေးပါတီတွေ မတိုက်ခိုက်ဖို့၊ မဲဆွယ်စည်းရုံးတဲ့အခါမှာ အဆင့်မြင့်မြင့်စည်းရုံးဖို့၊ အဆင့်မြင့်မြင့်စည်းရုံးဖို့ဆိုတာက ပြောတာ ဆိုတာ လုပ်တာကိုင်တာ ကိုယ့်စိတ်စေတနာ အဆင့်မြင့်မြင့်ပေါ့နော်၊ တရားမျှတတဲ့နည်းနဲ့ နိုင်အောင်လုပ် ဖို့၊ ငွေကြေးသုံးစွဲတဲ့အခါမှာလည်း စည်းမျဉ်းစည်းကမ်းနဲ့ညီဖို့ မဲဆွယ်တဲ့အခါမှာလည်း ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ ညီဖို့ အဲ့ဒါတွေပြောတာပါ"

နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်သူ့လွှတ်တော်နေရာ ၈ နေရာနဲ့ အမျိုးသားလွှတ်တော် ၂ နေရာရှိပါတယ်။

NLD ပါတီက ရွေးကောက်ပွဲဝင်ဖို့အတွက် အမည်စာရင်းတင်ထားသူ ၁၁၃၈ ဦး ရှိပြီး အဲဒီထဲမှာ ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ မညီလို့ဆိုပြီး ပယ်ချခံထားရသူ အခုချိန်ထိ ၆ ဦးရှိတယ်လို့ သိရပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရသူ ၆ဦးဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ရွေးကောက် ပွဲကော်မရှင်တွေထံ အယူခံတင်ထားပြီး တစ်ဦးကတော့ တိုင်းဒေသကြီးအဆင့်ကလည်း ပယ်ချထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စက်တင်ဘာလ ၅ရက်နေ့ နဲ့ ၆ရက်နေ့တို့မှာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် နဲ့ ဟိုပုံးမြို့နယ်တွေမှာ ဒေသခံတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး တောင်ကြီးခရိုင်အတွင်း ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီခရီးစဉ်ကနေ ကယားပြည်နယ် မြို့နယ် ၇ခုကို ဆက်သွားမှာဖြစ်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ကိုယ်စားလှယ်လောင်းတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။