အမေရိကန် အထူးသံတမန် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ
2011.10.25

AFP
ဆွေးနွေးမှုတွေကို တစုံတရာ ထုတ်ဖော်ပြောဆိုဖို့ မရှိသေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က RFA ကိုပြောပါတယ်။
ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး သူဟာ မြန်မာအစိုးရနဲ့ ပြည်တွင်းရှိ မြန်မာ့နိုင်ငံရေးနဲ့ သက်ဆိုင်သူတွေအကြား တွေ့ဆုံ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် မြန်မာနိုင်ငံကို မကြာခဏ လာရောက်ဖို့ ရှိကြောင်း အမေရိကန်သံရုံးက ပြောပါတယ်။
ဒီကနေ့ စောစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံ အော်စလိုမြို့အခြေစိုက် နော်ဝေဂျီယံ မြန်မာ ကော်မတီ Norwegian Burma committee မှ ပုဂ္ဂိုလ်များဖြစ်ကြတဲ့ Christian Houge (ခရစ်စရှန် ဟူးဂျ်) နဲ့ Lars Laegreig (လားစ် လေးဂရစ်)တို့ကို အဖွဲ့ချုုပ်ရုံးခန်းမှာ တွေ့ဆုံတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးနဲ့ အဖွဲ့ချုပ်ရုံးမှာတွေ့ခဲ့ပါတယ်။ ဖိလစ်ပိုင် သံအမတ်ကြီးဟာ အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှာ ခင်းကျင်း ပြသနေတဲ့ Portraits of Myanmar people ပန်းချီပြပွဲကို ကြည့်ရှုခဲ့ပြီး ငါးသိန်းတန် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူပန်းချီကား တစ်ကားကို ဝယ်ယူ သွားတယ်လို့ သိရပါတယ်။ ဒီကနေ့ ညနေထိ ပန်းချီကား ၉ ကား၊ စုစုပေါင်း ကျပ် ၁၉ သိန်းဖိုး ရောင်းချပြီးပါပြီ။
NLD က ပြသနေတဲ့ ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ နဲ့ ပန်းချီ ပုံလေးပုံပါ art paper စက္ကူချောနဲ့ ထုတ်လုပ်တဲ့ ၂၀၁၂ ခုနှစ် ပြက္ခဒိန်ကိုလည်း ရောင်းချနေတယ်လို့သိရပါတယ်။ ပြပွဲကို ၂၆ ရက်နေ့ မနက်ဖြန်အထိ ပြသပါလိမ့်မယ်။
ဒီအတောအတွင်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရေဘေး ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဟာ ပခုက္ကူမြို့မှာ အခြေချပြီး လုပ်ငန်းများ ဆောင်ရွက်မယ်လ့ို ဦးအုံးကြိုင်က ပြောပါတယ်။
“ကျနော်တို့ အခု ရထားတဲ့ သတင်းတွေအရ ပေါက်မြို့နယ်နဲ့ ဆိတ်ဖြူမြို့နယ်က လူတွေ အသေအပျောက် ရှိတဲ့အပြင် ရွာပေါင်း ၄၀ ကျော်လောက်မှာ ရေဘေးဒုက္ခသည်ပေါင်း လေးသောင်းကျော် ရှိနေပါတယ်။ အထူးသဖြင့် အသေအပျောက် အများဆုံးက ပခုက္ကူမြို့ ဖြစ်ပါတယ်။ အထွေထွေ အတွင်းရေးမှူး လမ်းညွှန်ချက်အရ ကျနော်အပါအဝင် တခြား NLD အဖွဲ့ဝင်တွေလည်း ပခုက္ကူမှာ ရှိနေကြပါတယ်။ လောလောဆယ် ကယ်ဆယ် ကူညီရေးလုပ်ငန်းတွေ လုပ်နေပါတယ်”
ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စေတနာရှင် ပြည်သူတွေ အနေနဲ့ NLD ဌာနချုပ် လူမှု အထောက်အကူပြု အဖွဲ့ထံ အစားအစာ၊ ဆေးဝါး နဲ့ငွေကြေးများ လာရောက် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဦးအုံးကြိုင်ဟာ ဒီကနေ့ ညနေမှာပဲ လုပ်ငန်းများ လုပ်ဆောင်ဖို့ ပခုက္ကူမြို့ကို ထွက်ခွာသွားပါပြီ။