နေရပ်ပြန်လာနိုင်ရေးကိစ္စ အမြန်ဆုံးသဘောတူညီမှုရရှိမယ် လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
2017.11.21

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရောက်ရှိနေသူတွေ နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား အမြန်ဆုံးသဘောတူညီမှုရရှိမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ ပြောပါတယ်။
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ၁၃ ကြိမ်မြောက် အာရှ- ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။
"ဒီဟာကို ဆွေးနွေးနေတာ အခု ကျမတို့ တစ်လကျော် နှစ်လလောက်ရှိပါပြီ။ အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီးကလည်း ဒီကိုရောက်နေတယ်ဆိုတော့ ကျမတို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ သေသေချာချာ ဆွေးနွေးပြီးတော့ အမြန်ဆုံးတော့ နားလည်မှုရနိုင်မယ်။ သဘောတူညီမှု ရနိုင်မယ်လို့တော့ ကျမတို့ မျှော်လင့်ပါတယ်"
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးပွဲကို ၂ရက်ကြာကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
အီးယူက ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တိုက်တွန်းထားတာရှိတဲ့အပေါ် မြန်မာအစိုးရရဲ့သဘော ထားကို သတင်းထောက်တစ်ဦးက မေးမြန်းရာ ရခိုင်ဒေသမှာ အကြမ်းဖက်မှုတွေ မဖြစ်အောင် မြန်မာဘက်က ထိန်းသိမ်းထားပြီး လောလောဆယ်မှာ အကြမ်းဖက်မှုတွေရှိတယ်လို့ မကြားရကြောင်း၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ ပြောလို့မရတဲ့အတွက် အကြမ်းဖက်မှုတွေ မဖြစ်အောင် ထိန်းသိမ်းဖို့ဟာ အစိုးရရဲ့ တာဝန်ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးရှိဖို့၊ တရားဥပဒေစိုးမိုးရေးရှိဖို့နဲ့ လူသားချင်စာနာမှုဆိုင်ရာကိစ္စတွေရှိဖို့ အရေးကြီးကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း မကြာခင်မှာ တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင်တော့မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ASEM နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဥရောပသမဂ္ဂ(အီးယူ)၊ စပိန် နိုင်ငံခြားရေးဝန်ကြီး တို့ ပါဝင်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။