ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စတင်ကျင်းပ

၁၃ ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပစဉ်
၁၃ ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပစဉ် (Photo: Ministry of Foreign Affairs Myanmar's facebook)

၁၃ ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ မှာ ကျင်းပခဲ့ပါတယ်။

အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ASEM အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူးတွေနဲ့ ASEF Model ASEM က လူငယ်ကိုယ်စားလှယ် ၂ ဦးတို့က ASEM နဲ့ပတ်သက်ပြီး သူတို့ရဲ့ အမြင်တွေကို တင်ပြခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။

ASEM နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ မျက်နှာစုံညီအစည်းအဝေးတွေကို “Synergizing Peace and Sustainable Development” ခေါင်းစဉ်၊ “3rd Decade of ASEM: Making ASEM Partnership more Dynamic and Connected” ခေါင်းစဉ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

(၁၃) ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံ၊ ဥရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံ ၂ နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ အရှေ့မြောက်နဲ့ တောင်အာရှ အုပ်စုဝင် ၁၁ နိုင်ငံ စုစုပေါင်းအဖွဲ့ဝင် ၅၁ နိုင်ငံနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ ဥရောပကော်မရှင်တို့က နိုင်ငံခြားရေးဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ အဆင့်မြင့်အရာရှိကြီးတွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်တွေ တက်ရောက်နေတာဖြစ်ပါတယ်။

ဒီအစည်းအဝေးမတိုင်ခင် အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို မနက်ဖြန် ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။