တစ်ရက်လုပ်ခ ကျပ် ၅ ထောင်ထက် မနည်းသင့်ကြောင်း ဦးဖြိုးမင်းသိန်း အကြံပြု


2017.10.01
workers-622 ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်
Photo: RFA

အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၅၀၀၀ ထက် မနည်းသင့်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးကော်မတီကို အကြံပြုပြောကြားလိုက်ပါတယ်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ကော်မတီနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မနေ့က တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ ကော်မတီဝင် အလုပ်သမားကိုယ်စားလှယ် ကိုရဲဝင်းထွန်း က ပြောပါတယ်။

"ဝန်ကြီးချုပ် အကြံပြုသွားတဲ့ ၅၀၀၀ ထက် မနည်းသင့်ဘူးဆိုတာကလည်း ကျနော်တို့ တွေ့ရှိချက် နှစ်ခုရဲ့ အလယ်လိုင်းခေါ်မှာပေါ့ အဲ့အခြေအနေမျိုးပါ၊ ဒါ မနေ့ကပွဲမှာ ကျနော်တို့ တွေ့ရှိရတာပေါ့"

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ရန်ကုန်တိုင်းဒေကြီး ကော်မတီရဲ့ စစ်တမ်းကောက်ယူချက်တွေအရ အလုပ်ရှင်တွေက တစ်ရက်ကို ကျပ် ၄၄၀၀ ဒါမှမဟုတ် ၄၈၀၀  သတ်မှတ်ပေးဖို့ အဆိုပြုကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုစရိတ်ကို စစ်တမ်းကောက်ယူရာမှာတော့ တစ်ရက်ကို ကျပ် ၄၄၀၀ နဲ့ ၆၄၀၀ ကြား ကုန်ကျတယ်လို့ ကောက်ယူရရှိထားကြောင်း သိရပါတယ်။

ရရှိထားတဲ့နှုန်းထားတွေကို အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီထံ တင်ပြထားပြီး အဲဒီကော်မတီက တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တင်ပြလာတဲ့ နှုန်းထားတွေကို ပြန်လည်စိစစ်ကာ အဆိုပြုနှုန်းထားတစ်ရပ် ထုတ်ပြန်ရမှာဖြစ်ပါတယ်။

အမျိုးသားကော်မတီရဲ့ တတိယအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၂ ရက်နေ့ မနက်ဖြန် နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပြီး အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားကို ဒီဇင်ဘာမှာ ထုတ်ပြန်နိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။