ရန်ကုန်တောင်ပိုင်းခရိုင်က မြို့ငါးမြို့မှာ ညမထွက်ရအချိန် ပြောင်းလဲ
2024.04.27
ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်ထဲက မြို့ငါးမြို့မှာ အရင်ထုတ်ပြန်ထားတဲ့ ညမထွက်ရအချိန်အစား ဧပြီလ ၂၅ ရက်နေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း မထွက်ရလို့ စစ်ကောင်စီက ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလနဲ့ ဆိပ်ကြီးခနောင်တိုမြို့တွေမှာ အရင်ကထုတ်ပြန်ထားတဲ့ မနက်အစော ၁ နာရီကနေ ၃ နာရီအတွင်း ညမထွက်ရအချိန်အစား ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း မထွက်ရဆိုပြီး ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ရပ်ကွက်တွေထဲ လိုက်လံအသိပေးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒလမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညနေကတည်းက ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက အသံချဲ့စက်နဲ့အော်ပြီး အသိပေးနေတာ။ အခုရက်ပိုင်းတွေက ဧည့်စာရင်းတွေလည်း အရမ်းစစ်နေတယ်။ အံ့ကြီး အနောက်ဘက်ရပ်ကွက်ဆို သုံးရက်ဆက်တိုက်ရှိနေပြီ၊ ဧည့်စာရင်းစစ်နေတာ”
စစ်မှုထမ်းဥပဒေအတွက် လူစာရင်းကောက်ခံရာမှာ ပါဝင်ကူညီနေတဲ့ ကွမ်းခြံကုန်းမြို့နယ် ကသစ်ကုန်းရွာက ရာအိမ်းမှူး ဦးသိန်းဝင်းနဲ့ မြေးဖြစ်သူတို့ ဧပြီလ ၂၄ ရက်နေ့မှာ သတ်ဖြတ်ခံရပြီးနောက် ညမထွက်ရအမိန့်ကို ပြောင်းလဲလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပေါ် အတိအကျသိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့အများစုမှာ စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ရန်ကုန်က လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။