ဂျာနယ်ဆောင်းပါးရှင်ကို အမိန့်ချ
2016.09.30

တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် တနင်္သာရီတိုင်းမ် အပတ်စဉ်ဂျာနယ် မှာ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးဟာ သတ္တုတူးဖေါ်တဲ့ Delco ကုမ္ပဏီအကြောင်း ရေးသားတယ်ဆိုပြီး ဆောင်းပါးရှင် ကိုအောင်လွင်ကို ရေဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်လ သို့မဟုတ် ဒဏ်ငွေ ၃သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
သူအနေ့နဲ့ ကုမ္ပဏီတစ်ခုကိုပဲ ရည်ရွယ်ရေးသားတာ မဟုတ်တာကြောင့် ခရိုင်ကို အယူခံတက်သွားမယ်လို့ တရားစွဲခံရသူ ဆောင်းပါးရှင် ကိုအောင်လွင် က ပြောပါတယ်။
ဒီဆောင်းပါးရှင် ကိုအောင်လွင်ကို စွဲဆိုတဲ့အမှုကို ရေဖြူမြို့နယ်တရားရုံးမှာ ၁၂ ကြိမ် စစ်ဆေးမေးမြန်းပြီး အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
"ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါးကို တနင်္သာရီတိုင်းမ် အပတ်စဉ်ထုတ် ဂျာနယ်မှာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဆောင်းပါးထဲမှာ သဘာဝပတ်ဝန်းကျင် မသန့်ရှင်းတော့တာ၊ သတ္တုတွင်းတစ်ခုက ထွက်လာတဲ့ရေဆိုးတွေကြောင့် ခံစားရတာတွေကို ဖော်ပြထားတာဖြစ်ပါတယ်။
Delco ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ကတည်းက ခဲမဖြူ၊ အဖြိုက်နက်နဲ့ တခြားသတ္တုတွေကို ကံပေါက်ကျေးရွာမှာ တူးဖော်နေတာဖြစ်ပြီး ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းဦး ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဲဒီကုမ္ပဏီရဲ့ စွန့်ပစ်နုန်းရေကန်ကျိုးပေါက်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ကံပေါက်ကျေးရွာက နေအိမ် ၅၀နီးပါး ပျက်စီးခဲ့ပါတယ်။