ဒေါက်တာ ဇော်မြင့်မောင် အဂတိအမှု ဆက်လက်စစ်ဆေး
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကို စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အဂတိအမှု ငါးမှုထဲက နှစ်မှုအတွက် တရားလိုပြသက်သေအဖြစ် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဖေဖော်ဝါရီလ ၁၈ ရက် ဒီနေ့မှာ လာရောက်ထွက်ဆိုခဲ့တယ်လို့ တရား လွှတ်တော်ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။
ဒေါက်တာ ဇော်မြင့်မောင် ကိုပေးခဲ့တဲ့ ငွေကြေးတွေနဲ့ ပတ်သက်ပြီး လက်ဝယ်ပေးအပ် ခဲ့တာ မဟုတ်ကြောင်း ဦးမောင်ဝိတ်က ထွက်ဆိုခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“အဂတိအမှုအမှတ် - ၇/၂၀၂၂ နဲ့ ၈/၂၀၂၂ နှစ်မှုလုံးအတွက် မောင်ဝိတ်က ထွက်ဆိုတယ်။ ဒေါက်တာ ဇော်မြင့်မောင် ထိုင်းမှာ ဆေးကုနေတုန်းက လှူခဲ့တယ်။ နောက်မန္တလေး ပြန်လာတော့လည်း သွားတွေ့တယ်။ သိန်း ၆၅၀ လှူခဲ့တယ်။ ဒါပေမဲ့ သူသွားတဲ့အချိန် ဒေါက်တာ ဇော်မြင့်မောင်က အိပ်နေလို့ အခန်းထဲက စားပွဲပေါ်မှာ တင်ထားခဲ့တယ် ဆိုပြီးထွက်တယ်။ လှူတယ်ဆိုပေမယ့် ဘယ်သူ့ကိုပေးခဲ့တယ်ဆိုတာကိုတော့ မထွက် ဆိုပါဘူး"
ဒီအမှုအတွက် မန္တလေးတိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးစိန်တင် က တရားလိုအဖြစ် စွဲဆိုထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနေ့စစ်ဆေးမှုကို အိုးဘိုအကျဉ်းထောင် အထူးတရားရုံးမှာ စစ်ဆေးခဲ့တာဖြစ်ပြီး တရားလို ပြသက်သေ နှစ်ဦး စစ်ဆေးဖို့ စီစဉ်ထားပေမယ့် တစ်ဦးက လာရောက်နိုင်ခြင်းမရှိခဲ့ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို အမှုပေါင်း ကိုးမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီထဲက သဘာ၀ဘေးနှစ်မှုအတွက် ထောင်ဒဏ်လေးနှစ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၈ ရက်နေ့က အမိန့်ချခဲ့ပါတယ်။
အဂတိလိုက်စားတယ်ဆိုပြီး စွဲဆိုထားတဲ့အမှုတွေအတွက် ပုံမှန် သောကြာနေ့တွေမှာ ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် နောက်တစ်ပတ်ကစပြီး အင်္ဂါနေ့မှာပါ ထပ်တိုးစစ်ဆေးသွားမှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေအသိုင်းဝိုင်းက ပြောပါတယ်။