မကွေးမှာ တရားစွဲခံထားရသူ ၁၁ ဦးကို အပြစ်မရှိကြောင်း အမိန့်ချမှတ်
2015.01.29
မကွေးမြို့ အေးစေတီဘုရားဝင်းမှာ ခွင့်ပြုချက်မရှိဘဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲကျင်းပခဲ့တယ်ဆိုပြီး ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲခံထားရတဲ့ အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် ၁၁ ဦးကို အပြစ်မရှိကြောင်း မကွေးတိုင်းတရားရုံးက ဒီနေ့ အမိန့်ချလိုက်ပါတယ်။
အဲ့ဒီဟောပြောပွဲကြောင့် အေးစေတီဘုရားဂေါပကအဖွဲ့ရဲ့ ဂုဏ်သိက္ခာထိခိုက်မှုမရှိခဲ့သလို ရပ်ရွာအေးချမ်းသာယာမှု ကို ထိခိုက်မှုမရှိခဲ့တာကြောင့် အပြစ်မရှိကြောင်း တိုင်းတရားသူကြီးက အမိန့်ချလိုက်တာဖြစ်တယ်လို့ တရားစွဲခံခဲ့ရသူ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ် အတွင်းရေမှူး ဦးနေမျိုးကျော်က ပြောပါတယ်။
"ဒီ ၂ဝဝ၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးကော်မတီကနေမှ ကျင်းပတဲ့လူထုဟောပြောရေးဟာ ရပ်ရွာအေးချမ်းသာယာမှုတွေကိုလည်း ထိခိုက်မှုမရှိဘူး၊ လက်ရှိအေးစေတီကို တာဝန်ယူထားရတဲ့ ဒီဂေါပက အဖွဲ့ကိုလည်း စိတ်ငြိုငြင်မှု ဘာမှမရှိဘူး၊ ကွင်းထဲမှာဝင်ရောက်ပြီး ကျနော်တို့ တရားဟောပြောပွဲဟာ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း မရှိတဲ့အပြင်မှာ လက်ရှိ ရှိနေတဲ့ ဂေါပကအဖွဲ့ကို ဂုဏ်သိက္ခာကိုညှိုးနွမ်းစေအောင် လုပ်ရပ်တွေ၊ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်အောင် အကြံအစည်မျိုးတွေ ဘာမှမပါရှိတဲ့အတွက် ကျနော်တို့တွေဟာ အပြစ်မရှိဘူးလို့ လုံးဝလွှတ်ပေးလိုက်တဲ့ သဘောပါပဲဗျ"
ပြီးခဲ့တဲ့နှစ် ဇွန်လက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲကို မကွေးမြို့ အေးစေတီဘုရားဝင်းမှာ ကျင်းပခဲ့ရာ ပွဲကျင်း ပရေးကော်မတီဝင် ၁၁ ဦးကို မကွေးတိုင်းသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဇူလိုင်လမှာ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ ဟောပြောပွဲကျင်းပရေးကော်မတီက အေးစေတီဘုရားဝင်းမှာ ပွဲကျင်းပဖို့ ခွင့်ပြုချက်ကြိုတင် ပြီး ပြင်ဆင်နေစဉ် အုပ်ချုပ်ရေးအဖွဲ့က မြသလွန်ဘုရားဝင်းမှာ ပြောင်းရွှေ့ကျင်းပခိုင်းရာ မှာ ငြင်းဆန်ခဲ့တဲ့အတွက် ခွင့်ပြုချက်မရှိပဲ ဟောပြောပွဲကျင်းပတယ်ဆိုပြီး တရားစွဲခံရတာဖြစ်ပါတယ်။
ပွဲကျင်းပရေးကော်မတီဝင် ၁၁ ဦးမှာ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆ ဦး နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ၅ ဦး ပါဝင်ပါတယ်။