အာဏာသိမ်း လနှစ်ဆယ်အတွင်း အရပ်သား ခြောက်ထောင်ကျော် သတ်ဖြတ်ခံရ
2023.06.13

စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ လပေါင်း ၂၀ အတွင်း အရပ်သားခြောက်ထောင်ကျော် (၆၃၃၇ ဦး) သတ်ဖြတ်ခံရပြီး နှစ်ထောင်ကျော် (၂၆၁၄ ဦး) ဒဏ်ရာရရှိခဲ့တယ်လို့ နော်ဝေနိုင်ငံအခြေစိုက် အော်စလိုငြိမ်းချမ်းရေး သုတေသနအင်စတီကျု (PRIO) က ဇွန်လ ၁၂ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်က သတ်ဖြတ်လို့ သေဆုံးခဲ့တာတွေအပြင် အာဏာသိမ်းမှုဆန့်ကျင်ရေး အုပ်စုတွေက သတ်ဖြတ်ခဲ့သူတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။
PRIO ရဲ့ သုတေသနပါမောက္ခ Stein Tonnesson ကတော့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို အဓိက သတ်ဖြတ်ခဲ့သူဖြစ်သလို အာဏာသိမ်းမှုဆန့်ကျင်တဲ့ အုပ်စု တွေကြောင့်လည်း အများအပြား သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အစီရင်ခံစာအရ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပါအဝင် အရပ်သားသုံးထောင်ကျော် (၃၀၀၃ ဦး) ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး အာဏာသိမ်းမှုဆန့်ကျင်သူတွေ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အရပ်သားနှစ်ထောင်ကျော် (၂၁၅၂ ဦး) ကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ နောက်ထပ် အရပ်သားတစ်ထောင်ကျော် (၁၁၇၀ ဦး) ကိုတော့ ဘယ်သူတွေက သတ်ဖြတ်ခဲ့တယ်ဆိုတာ မသိရဘူးလို့လည်း ဆိုပါတယ်။
ဒီအချက်အလက်တွေဟာ ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေ အပေါ် အခြေခံပြီး စာရင်းပြုစုထားတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တကယ့်လက်တွေ့မှာ ဒီအရေအတွက်ထက်ပိုပြီးလည်း သေဆုံးထိခိုက်သူအရေအတွက် များနိုင်တယ်လို့ PRIO က ပြောထားပါတယ်။