မန္တလေးတိုင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒု-ညွှန်မှူးကို အဂတိလိုက်စားမှုနဲ့အမှုဖွင့်


2018.10.31
accm-office-622.jpg အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကို တွေ့ရစဉ်
Photo: ACC Myanmar - facebook

မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးတစ်ယောက်နဲ့ ဌာနခွဲစာရေး တစ်ယောက်တို့ကို ငွေကျပ် ၁၀ သန်းကျော် အလွဲသုံးစားထားတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်အတွင်း ကျေးလက်လမ်းလုပ်ငန်းတွေ တင်ဒါခေါ်ယူဆောင်ရွက်တဲ့နေရာမှာ ကုမ္ပဏီတွေဆီကနေ ငွေကြေး ကောက်ခံတာနဲ့ လာဘ်ငွေရယူတာတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းပေးပို့ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာမှာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငွေထုတ် သူအရာရှိ တိုင်းဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော် နှင့် ဌာနခွဲစာရေး ဒေါ်သူဇာတို့ဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ငွေကျပ် (၁၀.၂၇၈) သန်း ကျော်အား "ရုံးစရိတ်/ ငွေထုတ်စရိတ်" လို့ အကြောင်းပြပြီး အဂတိလိုက်စားထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။

အဲဒီအတွက် ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ နဲ့ ဌာနခွဲစာရေး ဒေါ်သူဇာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ မန္တလေးတိုင်း၊ မြစ်ငယ်နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ အစိုးရတာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။