ကြေးနီစီမံကိန်း ဆန့်ကျင်ရေး ဝိညာဉ် ကြွေးကြော်သံ လှုပ်ရှားမှု
2012.10.09
ဒီကနေ့ လှုပ်ရှားမှုဟာ ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေ အသိမ်းခံရတဲ့ အခြေအနေကို တိုင်တည် ငိုကြွေးကြတာ ဖြစ်တယ်လို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဒေသခံ မဖြူဖြူဝင်းက RFA ကို အခုလို ပြောပြပါတယ်။
"ကျွန်မတို့ ဒီနေ့ ဝိညာဉ်ကြွေးကြော်သံဆိုပြီးတော့ ဆည်တဲရွာရဲ့ မြောက်ဘက်သင်္ချိုင်းကုန်းမှာ သွားပြီးတော့ ငိုကြွေးတယ်။ ကျွန်မတို့ရဲ့ လယ်ယာမြေတွေ အသိမ်းခံရတဲ့ အပေါ်မှာ၊ လက်ပံတောင်းတောင်ကြီး အဖြိုခံရတဲ့ အပေါ်မှာပေါ့နော်။ ကျွန်မတို့ ရင်ထဲက ခံစားရတယ်ဆိုတဲ့ အကြောင်းကို ဆည်တဲသုသာန်မှာ သွားပြီးတော့ ငိုကြွေးတဲ့ အခါမှာ ဝိညာဉ်၊ တစ္ဆေ၊ သရဲတွေတောင်မှ မခံနိုင်ဘူးပေါ့။ သူတို့တောင်မှ မခံနိုင်ဘဲနဲ့ ဒို့ပြည် ဒို့မြေကို ကာကွယ်ဖို့ ဆိုတာမျိုးတွေ၊ အဲဒါမျိုးတွေ သွားလုပ်တာပါပဲ။"
မကြာသေးတဲ့ ရက်ပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်တဲ့ အနေနဲ့ အခေါင်းပုံစံလုပ်ပြီး မီးရှို့ ဆန္ဒပြခဲ့တဲ့ ကိစ္စအပေါ် ဒေသခံတွေနဲ့ ဒေသခံတွေကို ကူညီသူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ စုစုပေါင်း ၁၆ ယောက်ကို တရားစွဲဖို့ စီမံကိန်း တာဝန်ရှိသူတွေဘက်က အမှုဖွင့်ခဲ့သလို၊ ဒေသခံ တောင်သူတွေဘက်ကလည်း ဝမ်ပေါင်နဲ့ ယမ်စီ တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီနှစ်ခုနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ကို မနေ့က ပြန်လည် အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။