ဝက်မှေးနှင့်ရွှေလှေ ကျေးရွာသူ ၉ ဦး ပြန်လွှတ်ပေး
2012.09.11

ကျန်နေသေးတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကိုတော့ ဖမ်းဆီးထားဆဲပဲလို့ မနေ့ ညက ပြန်လွှတ်လာတဲ့ မကြည်တိုးက RFA ကိုပြောပြပါတယ်။
"ရွှေလှေက ၇ ယောက်၊ သူတို့ကိုတော့ ည ၂ ချက်တီးမှ ရောက်တယ်လို့ ပြောတယ်။ သူတို့အကြောင်းတော့ ကျွန်မတို့မသိရဘူး။ တခြားစီပေါ့နော။ တခြားစီပို့လိုက်တာ။ ကျွန်မတို့ကိုတော့ မရိုက်ဘူးပေါ့နော။ သူတို့ကိုတော့ ထွေးလား၊ လုံးလားတော့ ဖြစ်တယ်။ သူတို့ကတော့ ရိုက်ခံရတယ်၊ အဲဒီကောင်မလေးတွေတော့။ ဆံပင်လည်း ဆွဲဆောင့်တယ်။ သူတို့က ခေါ်ချင်တာကတော့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းပဲ ခေါ်ချင်တာ။ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းမပါပဲ ကျွန်မတို့က မပြန်နိုင်ဘူး။ ၁၂ ယောက်လုံးမှ ပြန်နိုင်တယ်။ အဲတော့ မလွှတ်ဘူး။ ၁၀ ယောက်ဆိုပြီး ၁ ယောက်က မလွှတ်ဘူး။ ခေါ်ထားလိုက်တယ်။ ဘာသဘောနဲ့ လွှတ်တယ်၊ မလွှတ်တယ်တော့ မသိဘူး"
ရဲစခန်းမှာ ကျန်နေသေးတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကို ပြန်လွှတ်ပေးဖို့အတွက် မုံရွာအမှတ် (၁) ရဲစခန်းရှေ့မှာ ဒေသခံ ၃၀၀ နီးပါးလောက်က ဒီကနေ့ ဆက်လက်ပြီး ဆန္ဒပြနေကြပါတယ်။
ဒီကနေ့ ဆက်လက် ဆန္ဒပြနေတာဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ ကြေးနီစီမံကိန်းမှာ ပါဝင်လှုပ်ရှားနေတဲ့ ကိုဝေဠု အပါအဝင် ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး သုံးဦး ပြန်လွှတ်ပေးရေး စတဲ့အချက်တွေကို ကြွေးကြော် ဆန္ဒပြနေကြတာလို့ ဆန္ဒပြ ဒေသခံ အမျိုးသမီး တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။
"ဆားလင်းကြီး ရဲစခန်းကနေပြီးတော့ အမှုဖွင့်ပြီး ဖမ်းဆီးထားတယ်။ ကိုဝေဠုရယ်၊ မသွဲ့သွဲ့ဝင်းရယ်၊ မဖြူဖြူဝင်းရယ်၊ မအေးနက်တို့ကို ချက်ခြင်းလွှတ်၊ ချက်ခြင်းလွှတ်။ မတရား ဖမ်းဆီးမှုတွေကို ရပ်ဆိုင်းရေး တို့အရေး တို့အရေး။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြီး ရပ်ဆိုင်းရေး တို့အရေး တို့အရေး။ ရဲစခန်းရှေ့မှာ လူအင်အားက ၂၀၀၊ ၃၀၀ လောက်က ဆန္ဒပြတာပါ။ ကြွေးကြော်တဲ့ သူတွေက ရွာသူ၊ ရွာသားတွေပါ"
ရဲစခန်းရှေ့မှာ ငြိမ်းချမ်းစွာ ဆိုင်းဘုတ် ပိုစတာကိုင် ဆန္ဒပြနေတဲ့ လူထုရှိနေတဲ့ နေရာကို ညနေပိုင်းမှာ ရဲကားတစ်စီးက အကြမ်းဖက်ပြီး ရုတ်တရက် နောက်ဆုတ်လိုက်တဲ့အတွက် ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ အဲဒီမှာ ရှိနေတဲ့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။