ဖွဲ့စည်းပုံပူးပေါင်းကော်မတီတွင်း ဆွေးနွေးချက် ထုတ်ဖော်ပြောဆိုသူ တားမြစ်ခံရ


2019.04.25
aungkyawzan-622.jpg ANP ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင်း ဆွေးနွေးချက်တွေကို သတင်းမီဒီယာကို ထုတ်ဖော်ပြောကြားတဲ့ ANP ပါတီက ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ ကို သတိပေးတားမြစ်ဖို့ တပ်မတော်က ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို တိုင်ကြားလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင်း ဆွေးနွေးချက်တွေဟာ လွှတ်တော်မှာ အတည်ပြု ထားတာ မဟုတ်တဲ့အတွက် ထုတ်ဖော်ပြောဆိုလိုက်ရင် ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေနိုင်တာကြောင့် တားမြစ်ပေးဖို့ မနေ့က အစည်းအဝေးမှာ တင်ပြလိုက်တာလို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း က အတည်ပြုပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ဖဲ့ွစည်းလိုက်တဲ့ အဖွဲ့ဝင် ၄၅ ဦးပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွေကို ကျင်းပတာ ၁၂ ကြိမ် ရှိပြီဖြစ်ပါတယ်။

ကော်မတီတွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ က သတင်းမီဒီယာကို ထုတ်ဖော်ပြောကြားလေ့ရှိပါတယ်။

ပူးပေါင်းကော်မတီအဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက ကော်မတီတွင်း ဆွေးနွေးချက်တွေကို ထုတ်ဖော်ပြောဆိုတာဟာ လွှတ်တေ်ာဆိုင်ရာ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်တာဖြစ်တယ်လို့ ပြောပါတယ်။

မီဒီယာကို ထုတ်ဖော်ပြောဆိုသူ ကိုယ်စားလှယ်ကို ပြင်းထန်စွာသတိပေးထားပြီး ထပ်မံပြောဆိုမယ်ဆိုရင် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ အရေးယူသွားမယ်လို့ ပူးပေါင်းကော်မတီ အတွင်းရေးမှူး အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး က ပြောပါတယ်။

သတိပေးခံရသူဟာ ဘယ်သူဆိုတာကို ဒေါက်တာမြတ်ဉာဏစိုးက အမည်တပ်ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဦးအောင်ကျော်ဇံ ကလည်း ဖြေကြားဖို့ ငြင်းဆန်ပါတယ်။

ဒီကော်မတီတွင်း ဆွေးနွေးချက်တွေနဲ့ပတ်သက်လို့ ဦးအောင်ကျော်ဇံကို မီဒီယာတွေမှာ မပြောဖို့ တားမြစ် လိုက်တဲ့အတွက် ကော်မတီမှာ ဘာတွေဆွေးနွေးနေလဲဆိုတာ အများပြည်သူသိခွင့် ပိတ်သွားပါတယ်။

အဲဒီကော်မတီမှာ အင်န်အယ်လ်ဒီပါတီက ၁၈ ဦး၊ တပ်မတော်သား ရှစ်ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသား ပါတီနဲ့ SNLD ပါတီက နှစ်ဦးစီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦး၊ လူနည်းစု တိုင်းရင်းသား ၁၀ ပါတီက တစ်ဦးစီပါဝင်ပြီး စုစုပေါင်း ၄၅ ဦးနဲ့ ဖွဲ့စည်းထားတာပါ။

အင်န်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့အဆိုအရ ဖွဲ့ည်းထားတဲ့ ပူးပေါင်းကော်မတီ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခန်း ၅ ခန်းအထိ ပြင်ဆင်ချက်တွေ ဆွေးနွေးထားပြီးဖြစ်ပါတယ်။

အစည်းအဝေးကို လာမယ့် မေ ၉ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပြီး ဇူလိုင်လအတွင်းမှာ ပြည်ထောင်စုလွှတ်တော်ထံ အစီရင်ခံစာတင်သွင်းရမှာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။