ပုဒ်မ ၄၃၆ ပြင်ဖို့ ဆန္ဒပြု လက်မှတ်ပေါင်း ၁၀ သန်း နီးပါးရပြီလို့ NLD ပြောကြား


2014.07.23
436-sign-taunggyi-305 ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးနေသူတချို့ ကို တွေ့ရစဉ်
Photo: Kyaw Myo Tun/RFA

အခြေခံဥပဒေမှာ ထည့်သွင်းပြဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒပြုကြတဲ့ပြည်သူ လူထုလက်မှတ်ပေါင်း ၁၀ သန်းနီးပါးရရှိမယ်လို့ ခန့်မှန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့် ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။

အခုချိန်မှာတော့ တစ်နိုင်ငံလုံးရရှိတဲ့ လက်မှတ်စာရင်းတွေ ကို ရေတွက်နေဆဲဖြစ်တဲ့အတွက် ခန့်မှန်းခြေသာပြော လို့ရသေးတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့တွေ အခုမှ ရေနေရတယ်လေ၊ အခုမှရောက် လာကြတာလေ၊ နောက်ရက်တွေလည်း လာဦးမှာ အတိအကျတော့ မပြောနိုင်ဘူး၊ ကျနော့ ခန့်မှန်းချက် ကတော့ အနည်းဆုံး ၁၀ သန်းလောက်တော့ မှန်းတယ်"

မေလကစတင်ခဲ့တဲ့ ပုဒ်မ ၄၃၆  ပြင်ဆင်ရေးလှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး နိုင်ငံအနှံ့ လက်မှတ်ကောက်ယူ စုဆောင်းတာကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကအဆုံးသတ်ခဲ့တာပါ။

ရရှိတဲ့ လက်မှတ်အရေအတွက်ကို အတိအကျထုတ်ပြန်နိုင်ဖို့သတင်းတပတ်ကျော်လောက် ကြာနိုင် ဖွယ်ရှိတယ် လို့ဆိုပါတယ်။ စာရင်းချုပ်ပြီးတဲ့အခါမှာလည်း အစိုးရ၊ လွှတ်တော်နဲ့ပြည်သူသိအောင် ထုတ်ပြန် ကြေညာမယ် လို့သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂၊ ပုဒ်မ ၄၃၆ မှာဖွဲ့စည်းပုံထဲက အရေးကြီးတဲ့ ပုဒ်မ ပေါင်း ၉၀ လောက် ကို ပြင်ဆင်မယ်ဆိုရင်၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံချက်ရှိမှ ပြင်ဆင်ခွင့်ရှိမှာဖြစ်သလို၊ အဲ့ဒီလိုပြင်ဆင်လိုက်တဲ့ဥပဒေကိုလည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး မဲဆန္ဒရှင်ရာခိုင်နှုန်း ထက်ဝက်ကျော် သဘောတူမှ ပြင်ဆင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။