ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ၈၈ အဖွဲ့နဲ့ တိုင်းရင်းသားတွေ ပူးပေါင်း ကြိုးပမ်းမည်
2014.05.27

၂၀၀၈ ဖဲ့ွစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ၄၃၆ ကို ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေကို ပြည်နယ်တွေ မှာလည်း လုပ်ဆောင်နိုင်ဖို့အတွက် တိုင်းရင်းသား ပါတီတွေအပြင် လက်နက်ကိုင် အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၈၈ မျိုးဆက် အဖွဲ့က ဒီနေ့ ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကျင်းပစဉ် ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမြအေးက အခုလို ပြောပါတယ်။
"တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍကို ဖယ်လှပ်ပြီး ၄၃၆ ပြင်ဆင်ရေးတင် မဟုတ်ဘူး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကျနော်တို့ လုပ်လို့မရဘူးလို့ ကျနော်တို့ ယုံကြည်ပြီးသားဖြစ်ပါတယ်၊ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်ရေးထိုးဖော်ထုတ်ပွဲဟာ တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍကြီးမားစွာ ပါဝင်ပါတယ်ဆိုတာကို အတိအလင်းပြောချင်ပါတယ်"
ဒီနေ့ လက်မှတ်ရေးထိုးပွဲကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖဲ့ွ( UNA) က ဦးအေးသာအောင် ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖဲ့ွချုပ် ဥက္ကဌဦးခွန်ထွန်းဦးနဲ့ မွန်တိုင်းရင်းသား ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖဲ့ွအစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြော ပွဲတွေကို တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။