သိမ်းဆည်းခံလယ်ယာမြေ ပြန်မရသေး၍ အိုင်အယ်အိုကို ထပ်မံတိုင်ကြား

၂၀၀၇ ခုနှစ်ကတည်းက သိမ်းဆည်းခံထားရတဲ့ အောင်လံက လယ်သမား ၁၀ ဦးရဲ့ လယ်ယာမြေတွေကို ဒီကနေ့ထိ ပြန်မရသေးတဲ့အတွက် အိုင်အယ်အို အနေနဲ့ မြန်မာစစ်အစိုးရအာဏာပိုင်တွေနဲ့ ထပ်မံညှိနှိုင်း ဆောင်ရွက်ပေးဖို့ အောင်လံသမားတွေက ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ ရန်ကုန် အိုင်အယ်အိုရုံးမှာ တိုင်ကြားလိုက်ပါတယ်။

2010.12.13
sugar_cane_305_z.jpg စစ်အစိုးရ၏ သကြားစက်အတွက် တောင်သူများကို အဓမ္မ ကြံစိုက်ခိုင်းပြီး မစိုက်သူများ၏ လယ်ယာမြေများကို ဘူဒိုဇာဖြင့် ထိုးကော် ဖျက်ဆီးသဖြင့် နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) ကို တိုင်ကြားခြင်း ဖြစ်သည်။ (Photo: AFP)
(Photo: AFP)

ဒီကနေ့ နေ့လည် ၁ နာရီလောက်က အောင်လံ လယ်သိမ်းခံ လယ်သမား ၁၀ ဦးရဲ့ ကိုယ်စား လယ်သမား ဦးသန်းစိုးက ရန်ကုန် အိုင်အယ်အိုရုံးကို လာရောက်ပြီး အိုင်အယ်အို အရာရှိ မစ္စတာ စတိဗ် မာရှယ်ကို တွေ့ဆုံ အကူအညီ တောင်းခံခဲ့ပါတယ်။

မြန်မာစစ်အစိုးရနဲ့ အိုင်အယ်အိုအကြား နားလည်မှု စာချွန်လွှာကို နှစ်စဉ် သက်တမ်းတိုး သဘောတူ ထားပေမဲ့ စစ်အစိုးရအာဏာပိုင်တွေက လိုက်နာခြင်း မရှိတဲ့အတွက် အဓမ္မခိုင်းစေမှုတွေ ဆက်ခံနေရသလို လယ်ယာမြေတွေလည်း ဆုံးရှုံးနေရဆဲ ဖြစ်တယ်လို့ ဦးသန်းစိုးက ပြောဆိုခဲ့ပါတယ်။

“ILO နဲ့ အစိုးရနဲ့ နားလည်မှု စာချွန်လွှာတွေကို တနှစ်ပြီး တနှစ် ချုပ်ဆိုခဲ့ပေမဲ့ ဆုံးဖြတ်ချက်တွေကိုတောင်မှ ဒီနေ့ထက်ထိ ကျွန်တော်တို့ ဘာမှ ခံစားခွင့် မရဘူး၊ ကျွန်တော်တို့ အဓမ္မ ခိုင်းစေခံရတယ်၊ ကျွန်တော်တို့ လယ်ယာမြေတွေကို ငြင်းဆန်တဲ့အတွက် ပြစ်ဒဏ်အဖြစ် အသိမ်းခံရတယ်။ ဒါတွေဟာလည်းပဲ အစိုးရနဲ့ ILO နဲ့ကြားမှာ ညှိနှိုင်းဆုံးဖြတ် ပြီးပါလျက်နဲ့ ကျွန်တော်တို့ ဒီနေ့ထက်ထိ ဆုံးရှုံးနေဆဲပဲ။ ကျွန်တော်တို့ ဘဝတွေဟာ လယ်မဲ့ယာမဲ့ ဖြစ်နေဆဲပဲ။”

၂၀၀၇ ခုနှစ်က အမှတ် ၅ သကြားစက်ရုံမှူးနဲ့ မြိုနယ် မယက ဥက္ကဋ္ဌတို့ကနေ ဦးသန်းစိုးအပါအဝင် လယ်သမား ၁၀ ဦးထံကနေ စီမံကိန်းသီးနှံ ကြံ စိုက်ပျိုးခိုင်းတာကို မစိုက်တဲ့အတွက်ဆိုကာ လယ်ယာမြေဧက ၇၀ ကျော်ကို သိမ်းယူပီး အခြားလုပ်ငန်းရှင်တွေကို ပေးအပ်ခဲ့ပါတယ်။

ဒီအမှုကိစ္စကို ၂၀၀၈ ခုနှစ်မှာ အိုင်အယ်အို တိုင်ကြားခဲ့တဲ့အတွက် အိုင်အယ်အို အရာရှိ မစ္စတာ စတိဗ် မာရှယ်နဲ့ မြန်မာစစ်အစိုးရ အရာရှိ ဗိုလ်မှူးကြီး ယုနွယ်အောင်တို့ ဆွေးနွေးသဘောတူချက်အရ လယ်ယာမြေတွေကို လယ်သမားတွေထံ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို အောက်ခြေမြို့နယ်နဲ့ ခရိုင်အဆင့် အာဏာပိုင်တွေက ဒီကနေ့အထိ လိုက်နာ အကောင်အထည် ဖော်ခြင်း မရှိတဲ့အတွက် အခုအထိ လယ်ယာမြေတွေ ပြန်မရသေးပဲ ဆုံးရှုံးနေရတဲ့အတွက် အခုလို အိုင်အယ်အိုကို ထပ်မံ အကူအညီ တောင်းခံရတာ ဖြစ်ကြောင်း ဦးသန်းစိုးက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။