လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီ စတင်ဖွဲ့စည်း
2014.10.23

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတွေ စုစည်းဖွဲ့ထားတဲ့ ညီညွှတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့က လူ့အခွင့်ရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော် မတီကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း အစိုးရအဆက် ဆက်ရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော် ထုတ်ပြီး မှတ်တမ်းတင်ဖို့အတွက် အခုလိုကော်မတီ ဖွဲ့စည်းတာဖြစ်တယ်လို့ ရန်ကုန်မြို့ ယုဒဿန်ခန်းမမှာ ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးမှာ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့် က ပြောပါတယ်။
"၈ လေးလုံးကနေပြီးတော့ စစ်အစိုးရလက်ထက် မှာလုပ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ဖို့ဖြစ်ပါတယ်၊ ဒီလိုမှတ်တမ်းတင်ခြင်း ဟာလည်း နစ်နာခဲ့တဲ့လူတွေအတွက် ဆောင် ရွက်ခြင်းဖြစ်သလို လက်ရှိလူ့အခွင့်အရေး ချိုးဖောက်နေတဲ့ လူတွေအနေနဲ့လည်း သူတို့ သင်ခန်းစာယူဖို့ လိုပါတယ်၊ ရှေးတုန်းက အစိုးရအဆက်ဆက်တွေမှာ ဒီလိုမတရားမှုတွေကို လုပ်ခဲ့တဲ့ဟာတွေက ယနေ့အချိန်မှာ ဒီလိုမမှန်ကန်တဲ့ လူဆိုးတွေအဖြစ် မှတ်တမ်းတင်ခံရတယ်ဆိုတာကတော့ သူတို့အနေနဲ့လည်း ဒါတွေကိုတော့ သတိရနေစေချင်ပါတယ်၊ ဒါကြောင့် ဒီအလုပ်လုပ်လုပ်တာဖြစ်ပါတယ်"
ဒီကော်မတီကို ညီညွှတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့အပြင် အရပ်ဘက်အဖွဲ့အစည်း ၂၂ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းသွား မှာဖြစ်တယ်လို့ သိရပါတယ်။ ကော်မတီက စုံစမ်းရရှိလာတဲ့အမှုတွေကို မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းတွေအဖြစ်ထားရှိပေးဖို့ အစိုးရထံ တင်ပြတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။