လယ်သိမ်းမှု ၄၀၀ကျော် ဖြေရှင်းပြီးကြောင်း တင်ပြချက် လွှတ်တော်မှာ ကန့်ကွက်ဆွေးနွေး


2014.01.21
farmers-protest-305.jpg ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့က လယ်သိမ်းခံတောင်သူများ ဆန္ဒပြနေကြစဉ်
photo: RFA/ Nay Myo Htun

လယ်ယာမြေနဲ့ အခြားမြေများစုံစမ်း စစ်ဆေးရေးကော်မရှင် အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ မှာပါရှိတဲ့ လယ်ယာမြေ အမှုပေါင်း ၇၀၀ကျော် ထဲက ၄၀၀ ကျော်ကို အစိုးရက ဖြေရှင်းဆောင်ရွက်ပြီးပြီလို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ရှင်းလင်းတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲ့ တင်ပြချက်မှာ အမှုတွေကို ဘယ်လို ဖြေရှင်းခဲ့တယ်ဆိုတာ အသေးစိတ်မရှင်း လင်းတဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောပါတယ်။

"ကော်မရှင်ရုံးကနေပြီးတော့ တိုင်စာတွေရော၊ အစီရင်ခံစာတွေရော ပို့ထားတာကတော့ တပ်မတော်ရော၊ တိုင်းဒေသကြီး အစိုးရတွေရောကို ပို့ထားတာက တိုင်စာပေါင်း ခြောက်ထောင်လေးရာနဲ့ သုံးဆယ့်ငါးစောင်။ လက်ရှိအစိုးရရှင်းနေတဲ့ဟာကတော့ အပိုင်း၁၊ အပိုင်း ၂၊ အပိုင်း ၃မှာ မူဝါဒတွေချမှတ်ဖို့ နမူနာချမှတ်ထားတဲ့အပေါ်မှာပဲသူက ၄၂၃ ခုရှင်းထားတဲ့သဘောရှိတယ်။ တွက်ကြည့်ရင်တော့ ပါဆင်းနစ်က အင်မတန်နည်းနေတယ်။ ဒုတိယကတော့ တိုင်စာပေါင်း ၇၄၅ စောင်ပေါ်မှာ ရှင်းပြီးသာ ၄၂၃ ကလည်း ဘယ်လိုရှင်းလဲ။ လယ်သမားပြန်ပေးရတယ် သို့မဟုတ် ကုမ္ပဏီကို ပြန်ပေးလိုက်တယ်၊ လုပ်ငန်းရှင်ကို ပြန်ပေးလိုက်တယ်။ ဒါကိုလွှတ်တော်ကိုယ်စားလှယ်တွေက သဲသဲကွဲကွဲမသိဘူး။"

အစိုးရက ဖြေရှင်းခဲ့တဲ့ လယ်ယာမြေ အမှုပေါင်း ၄၂၃မှု လို့သိရပြီး လယ်ယာမြေဧကပေါင်း ၂သိန်း ၃သောင်းကျော် အကျုံးဝင်တယ်လို့လည်း သိရပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်ဟာ အစိုးရရှင်းလင်းပြီးစီးတဲ့ အခြေအနေတွေ မှန်ကန်မှုရှိမရှိနဲ့ အစီရင်ခံစာပါ ညွှန်ကြားချက်အတိုင်းဆောင်ရွက်တာ ဟုတ်မဟုတ်စိစစ်ပြီး လာမယ့် ဖေဖော်ဝါရီလ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။