ကျန်ရှိအနိုင်ရ ကိုယ်စား လှယ်လောင်းစာရင်း ရွေးကောက် ပွဲကော်မရှင် ကြေညာ
2015.11.20

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာဖို့ ကျန်နေတဲ့ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေအတွက် မဲဆန္ဒနယ်မြေ ၁၁ နေရာမှာ NLD က ၅ ဦး၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ၃ဦး၊ လီဆူအမျိုးသားဖံ့ွဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ၂ဦးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁ဦး အနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ညနေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် ၂နေရာအတွက် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ်မှာ လီဆူအမျိုးသား ဖံ့ွဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ကိုယ်စားလှယ် ဦးအာမိုးဆီ၊ နောင်မွန်းမြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ် တို့ အနိုင်ရရှိပါတယ်။
အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် ခေါင်လန်ဖူး ၊ နောင်မွန်း ၊ မချမ်းဘော့၊ ဆွမ်ပရာဘွမ် နဲ့ ပူတာအို မဲဆန္ဒနယ် အမှတ် ၁မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဦးဂျေယောဝူ တို့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် နောင်မွန်းမဲဆန္ဒနယ် ၁မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးချန်တန်ခင် ၊ နောင်မွန်းမဲဆန္ဒနယ် ၂မှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးမဘုဒဂုဏ်၊ ခေါင်လန်ဖူး မဲဆန္ဒနယ် (၁) မှာ လီဆူအမျိုးသားဖံ့ွဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)က ဦးရွှေလေး၊ ခေါင်လန်ဖူးမဲဆန္ဒနယ် ၂မှာ အန်အယ်လ်ဒီပါတီက ဦးအားခီဆာတို့ အနိုင်ရရှိတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၈ နေရာရှိရာမှာ ကျန်နေတဲ့ ဗမာ၊ လီဆူ၊ ရှမ်း၊ ရဝမ် စတဲ့ နေရာ ၄နေရာမှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ကော်မရှင်ရဲ့ထုတ်ပြန်ကြေညာချက်တွေအရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၃ ရှိရာမှာ အန်အယ်လ်ဒီပါတီက ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာရှိရာမှာ ၁၃၅ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၆၃၀ ရှိရာမှာ ၄၇၅ ဦး နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၂၉ နေရာ ရှိရာမှာ ၂၁ ဦး အနိုင်ရရှိထားတာဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒနယ် စုစုပေါင်း ၁၁၅၀ မှာ ကျင်းပခဲ့ရာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၈၈၆ ဦး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၃၀ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၂ဦး၊ တိုင်းဒေသကြီး /ပြည်နယ်လွှတ်တော်မှာ ၇၄ ဦး နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ဦး စုစုပေါင်း ၁၁၈ ဦး အနိုင်ရထားပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၁ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကော်မရှင်ကထုတ်ပြန်ကြေညာချက်တွေအရ ပါတီ ၂၀ ကျော်သာ ရွေးကောက်ခံရပါတယ်။